BREAKING
October 20, 2025

လောင်းလုံးမြို့ပေါ် တိုက်ပွဲပြင်းထန်

June 24, 2025

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇွန်လ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် လဝကရုံးများ တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။

“လက်နက်ကြီးသံလည်း များတယ်၊ လက်နက်ငယ်သံလည်း များတယ်။ (မွန်းလွဲ) ၁ နာရီလောက်က (ပစ်ခတ်တာ) တစ်ကြိမ်ရပ်ပြီးပြီ။ အခုပြန်ပစ်နေကြတယ်။ ကျွန်မတို့ ပြေးမခံတော့ (ထွက်ပြေးဖို့ မမီလိုက်) လို့ ပုန်းနေရတယ် “ဟု ယနေ့ မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးနာရီ နီးပါးအထိ ရှိလာပြီး မွန်လွဲ ၂ နာရီ ခွဲအထိ သေနတ်သံများလည်း ဆက်တိုက်ကြားနေရကြောင်း မြို့ခံအချို့က ပြောဆိုသည်။

ယင်းအပြင် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် လောင်းလုံးမြို့ဘက်သို့ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလနှောင်းပိုင်းကစ၍ လောင်းလုံးမြို့နှင့် အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး ပူပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများလည်း ခပ်စပ်စပ်ဖြစ်ပွားလျက်ရှိသည်။

ယင်းကြောင့် လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာ ၅ ရွာခန့်က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကာ ၊ ကျေးရွာပေါင်း ၄၀ ခန့်မှာလည်း လျှပ်စစ်ဓာတ်အား မရရှိတော့သည်မှာ ရက်သတ္တပတ် သုံးပတ်ခန့်ရှိလာပြီဖြစ်သည်။