အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကြေညာခဲ့သည့် အပစ်ရပ်အစီအစဉ်ကို အစ္စရေးနှင့် အီရန်က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် လက်ခံလိုက်ပြီဖြစ်သည်။
ကာတာနိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ အပစ်ရပ်အစီအစဉ်ကို သမ္မတထရမ့်က ကြေညာခဲ့သည်။
အဆိုပါ အပစ်ရပ်အစီအစဉ်ကို လက်မခံမီ ယနေ့ နံနက်အစောပိုင်းအထိ
အီရန်က အစ္စရေးကို မစ်ဆိုင်းဒုံးများဖြင့် နေက်ဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးကလည်း ယနေ့ နံနက်အရုဏ်မတက်မီအချိန်တွင် အီရန်မှ နေရာတော်တော်များများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းနောက်အီရန်နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူလက်ခံလိုက်ပြီဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဆိုသည်။
၁၂ ရက်ကြာ စစ်ဆင်ရေးအတွင်း အီရန်၏ အဏုမြူစီမံကိန်းများကို ဖယ်ရှားရေးအပါအဝင် စစ်ရေးရည်မှန်းချက်အားလုံး ရရှိအောင်မြင်ခဲ့ပြီဟု ၎င်းက ပြောသည်။
အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်လာလျှင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
အပစ်ရပ်သဘောတူညီချက်သည် ဒေသစံတော်ချိန် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်မှ စတင်အသက်ဝင်လာပြီဟု အီရန်အစိုးရပိုင် ရုပ်မြင်သံကြားက ကြေညာသည်။
အဆိုပါ သတ်မှတ်ချိန်မတိုင်ခင်ကတည်းက အီရန်အနေဖြင့် တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် အသင့်ဖြစ်နေပြီဟု အီရန်ထိပ်သီးသံတမန်တစ်ဦးက ပြောသည်။
နံနက် ၄ နာရီ မတိုင်မီ အစ္စရေးက အီရန်ကို တိုက်ခိုက်မှုရပ်စဲလျှင် အီရန်ကလည်း ဆက်လက်တိုက်ခိုက်နေမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဆိုသည်။
၁၂ ရက်ကြာ အစ္စရေး – အီရန် စစ်ပွဲကြောင့် အစ္စရေးတွင် အနည်းဆုံး လူ ၂၉ ဦး သေဆုံးပြီး လူပေါင်း ၁၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။
အီရန်တွင် အနည်းဆုံး လူ ၉၇၄ ဦး သေဆုံးပြီး ၃၄၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
Source: Associated Press