အစ္စရေးနှင့် အီရန်အကြား ၁၂ နာရီကြာ အပစ်ရပ်လိုက်ပြီဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၃ ရက်နေ့က ကြေညာလိုက်သည်။
ကာတာနိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို အီရန်က တနင်္လာနေ့က တိုက်ခိုက်လိုက်ပြီးနောက် ထရမ့်၏ အဆိုပါ အပစ်ရပ်ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သို့သော် အစ္စရေးနှင့် အီရန်အကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
တနင်္လာနေ့က အပစ်ရပ်ကြေညာချက်သည် ခြွင်းချက်မရှိ လုံးဝအပစ်ရပ်မှုဖြစ်သည်ဟု ထရမ့်က ၎င်း၏ Truth လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ရေးသားခဲ့သည်။
အင်္ဂါနေ့ အစောပိုင်းတွင် အီရန်က အစ္စရေးကို မစ်ဆိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထရမ့်၏ အပစ်ရပ်ကြေညာချက်ထွက်ပေါ်လာပြီးနောက် အီရန်၏ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့သည်ဟု အစ္စရေးဘက်က ဆိုသည်။
အစ္စရေးကလည်း ၎င်းတို့ကို တိုက်ခိုက်ခဲ့သည်ဟု အီရန်ဘက်က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ထရမ့်၏ အပစ်ရပ်ကြေညာချက် အမှန်တကယ် အသက်ဝင်မှု ရှိမရှိ ရှုပ်ထွေးမှုများ ပေါ်ပေါက်လာသည်။
ထရမ့်က ၎င်း၏ အပစ်ရပ်ကြေညာချက်သည် ယနေ့ အင်္ဂါနေ့မှ စတင်ကာ အသက်ဝင်မည်ဟု ဆိုသည်။
သို့သော် အစ္စရေးနှင့် အီရန်ခေါင်းဆောင်များက ထရမ့်၏ အပစ်ရပ်ကြေညာချက်ကို သဘောတူလက်ခံကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို အပစ်ရပ်ကာလ အချိန်သတ်မှတ်ချက်မှာလည်း ရှင်းရှင်းလင်းလင်း မရှိပေ။
ထရမ့်၏ လူမှုကွန်ရက်ပေါ်မှ ရေးသားချက်အရ အီရန်အနေဖြင့် အင်္ဂါနေ့ အစောပိုင်းမှစတင်ကာ တိုက်ခိုက်မှုများ ရပ်ဆိုင်းရမည်ဖြစ်သည်။
အီရန်ဘက်က စတင်အပစ်ရပ်ပြီးနောက် ၆ နာရီအကြာတွင် အစ္စရေးကလည်း အပစ်ရပ်ရမည်ဟု ထရမ့်၏ ရေးသားချက်တွင် ဖော်ပြထားသည်။
ယင်းနောက် ၂၄ နာရီအကြာတွင် အစ္စရေး – အီရန် စစ်ပွဲ လုံးဝ ရပ်ဆိုင်းမည်ဟု ထရမ့်က ရေးသားထားသည်။
ထရမ့်၏ အပစ်ရပ်ကြေညာချက် ထွက်ပေါ်လာပြီးနောက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Aragchi က အပစ်ရပ်သဘောတူညီချက်မရသေးဟု X လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ရေးသားခဲ့သည်။
သို့သော် အီရန်စံတော်ချိန် ယနေ့ အင်္ဂါနေ့ နံနက် ၄ နာရီမှစ၍ အစ္စရေးဘက်က အပစ်ရပ်လျှင် အီရန်လည်း အပစ်ရပ်မည်ဟု ၎င်းက ဆိုသည်။
နောက်ပိုင်းတွင် အီရန်အစိုးရရုပ်မြင်သံကြားက အပစ်ရပ်သဘောတူညီချက် စတင်နေပြီဟု ထုတ်ပြန်ခဲ့သည်။
သို့သော် ယနေ့ အင်္ဂါနေ့ နံနက်အစောပိုင်းတွင် အစ္စရေးနှင့် အီရန်အကြား အပြန်အလှန် တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်ပြီး မြေပြင်တွင် အပစ်ရပ်သဘောတူညီချက် အသက်ဝင်မှု မတွေ့ရသေးပေ။
Source: The Guardian