တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာမှ တပ်ချိန်းပြီး တနင်္သာမြို့သို့ပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
ဇွန် ၂၃ရက် နံနက်စောစောတွင် သိန်ခွန်းရွာမှ တပ်ချိန်းပြီးပြန်လာသည့် ကားလေးစီးပါ စစ်ကောင်စီကားတန်းကို သမုတ်ချုံးရွာတွင် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ပြန်ဆင်းလာတဲ့ ကားလေးစီးနဲ့ ဖြစ်ကြတယ်။ လူနာတွေလည်းပါတယ်။ လမ်းကင်းတွေလည်း ဖြစ်ကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်က ဇွန်လ ၂၁ရက်တွင် သိန်ခွန်းရွာသို့ ရိက္ခာနှင့် စစ်ကူကားများ တက်သွားပြီး တပ်ချိန်းကာ ပြန်လာစဉ် လူနာများကိုလည်း သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းကို ပြန်စိုးမိုးရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ ၆ လ ကျော် လာပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာတွင်ပင် အခြေပြုထားရသည်။
“တိုက်ပွဲက အစောကြီး ထဖြစ်တယ်။ လက်နက်ကြီးပစ်သံတွေလည်း တအားပဲကြားရတယ်။ ရဲဘော် တစ်ယောက်တော့ ကျသွားတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်အခြေအနေကို မသိရသေးသလို သေဆုံးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်၏ အချက်အလက် အသေးစိတ်ကိုလည်း မသိရသေးပေ။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီကား သုံးစီးသည် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းအတွင်းသို့ ဝင်သွားကြောင်း အထက်ပါနီးစပ်သူက ဆိုသည်။
သမုတ်ချုံးရွာတွင် မေလ ၂၃ရက်က စစ်ကောင်စီ၏ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၇နှစ် ကလေးတစ်ဦး သေဆုံးခဲ့သည်။