ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း စားဖိုဆောင်သီးနှံအချို့ ဈေးကျလျက်ရှိသည်။
ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် မေလ ၁၇ ရက်တွင် ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာ ၁၄၅၀၀ကျပ်မှ မေလ ၂၄ ရက် တွင် တစ်ပိဿာ ၁၃၅၀၀ကျပ်၊ ရွှေအပ်ငရုတ်ခြောက်တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ ငရုတ်ပုခြောက် တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၁၇၅၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၅၀၀၀ကျပ်မှ ၄၅၀၀ကျပ်သို့ အသီးသီးဈေးကျသွားသည်။
ထို့ကြောင့် ရက်သတ္တပတ်တစ်ပတ်အတွင်း ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ရွှေအပ်ငရုတ်ခြောက် တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ငရုတ်ပုခြောက်နှင့် အာလူးတို့မှာ တစ်ပိဿာလျှင် ၅၀၀ကျပ်စီ ဈေးကျသွားခြင်းဖြစ်သည်။
ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ထူး ၄ မှာ ဇယားဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။
သို့သော် ဆန်ကြမ်းနှင့် ဆန်ချောမှာ ယခုသီတင်းပတ်အတွင်း ဈေးထပ်တက်လျက်ရှိသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၁၇ ရက်တွင် ထားဝယ်ဆန်ဈေးကွက်၌ အကယ်ဒမီရက်၉၀အမျိုးအစားဆန်ကြမ်း တစ်အိတ်လျှင် ၁၂၂၀၀၀ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် မေလ ၂၄ ရက်တွင် ၁၂၄၅၀၀ကျပ် ဖြစ်သွားသည်။
ထို့အတူ ဆန်ချောအမျိုးအစားဖြစ်သည့် အောင်သီဟတံဆိပ် ရွှေဘိုပေါ်ဆန်း ဆန်အမျိုးအစားမှာလည်း ပြီးခဲ့သည့် သီတင်းပတ် မေလ ၁၇ ရက်တွင် ဆန်တစ်အိတ်လျှင် ၁၉၁၅၀၀ကျပ်မှ မေလ ၂၄ ရက်တွင် ၁၉၄၅၀၀ကျပ်သို့ ဈေးတက်သွားသည်။
ထို့ကြောင့် ထားဝယ်ဆန်ဈေးကွက်၌ တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၂၅၀၀ကျပ်နှင့် ဆန်ချောတစ်အိတ်လျှင် ၃၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

