မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
မေ ၁၈ ရက်မှ ၂၄ ရက်အထိ
KIA ပစ်ချတဲ့ စစ်ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ် လေစင်းထက်မနည်းရှိလာ

အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချလို့ ပျက်ကျသွားတဲ့ စစ်ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ် လေးစင်းထက်မနည်း ရှိလာပါတယ်။
ယခုသီတင်းပတ် မေလ ၂၀ရက်မွန်းလွဲပိုင်းမှာလည်း ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာပို့တဲ့ Mi 17 စစ်ရဟတ်ယာဉ် သုံးစင်းကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲက ရဟတ်ယာဉ်တစ်စင်းမှာတော့ ပင်ကာ ပင်မနေရာမှာ ထိမှန်ပေါက်ကွဲတာကို ရုပ်သံမှတ်တမ်းမှာတွေ့ရပြီး ရဟတ်ယာဉ် ပြန်လည်ထွက်ခွာသွားနိုင်ခဲ့ပေမယ့် တောထဲ မှာ ပျက်ကျသွားခဲ့တာပါ။ ရုပ်သံမှတ်တမ်း နောက်တစ်ခုမှာတော့ ဒရုန်းနဲ့ ရဟတ်ယာဉ်ကို ဝင်တိုက်ခဲ့တာမျိုး တွေ့ရပါတယ်။
ရဟတ်ယာဉ်တောထဲမှာမီးလောင်ပျက်စီးခဲ့ပြီး အနီးမှာသေဆုံးနေတဲ့ ရဟတ်ယာဉ်မှူးနဲ့ မီးလောင်ကျွမ်းထားတဲ့ရုပ်အလောင်း တွေကိုလည်း ရုပ်သံမှတ်တမ်းတွေထဲမှာ တွေ့ရပါတယ်။ အဲဒီနေရာမှာ ရုပ်အလောင်း ၁၈လောင်းတွေ့တယ်လို့ KIA ဘက်က ပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်ချို့ယွင်းလို့ ရဟတ်ယာဉ် ပျက်ကျတာလို့ ငြင်းချက်ထုတ်ထားပါတယ်။
ပစ်ခတ်တိုက်ခိုက်ရာမှာ ရဟတ်ယာဉ် နောက်တစ်စင်းကိုလည်း ထိမှန်ခဲ့ပြီး ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ KIA ဘက်က ပြောပါတယ်။ ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်ကိုလည်း သွားရောက် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုထားပါ တယ်။ ဒါပေမဲ့ တိကျတဲ့ ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းတွေတော့ မတွေ့ရသေးပါဘူး။
ဒီမတိုင်ခင် KIA ဟာ ၂၀၂၁ခုနှစ် မေလမှာ မိုးမောက်မြို့နယ်ထဲ စစ်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၄ ဇန်နဝါရီလမှာလည်း ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်လေယာဉ်တစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချဖျက်ဆီးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းပဲ ကရင်နီနဲ့ ကရင်မှာ စစ်ရဟတ်ယာဉ်နှစ်စင်း ပစ်ချခံရသလို ၂၀၂၃ ခုနှစ်မှာလည်း ကရင်နီမှာ တိုက်လေယာဉ်နှစ်စင်း ပစ်ချခံခဲ့ရပါသေးတယ်။
……………………………………..
ရခိုင်မှာ လူငယ်တွေ AA ဆီမှာ စစ်မှုထမ်းရမယ်

ရခိုင်မှာ လူငယ်တွေ အာရက္ခတပ်တာ် AA ဆီမှာ စစ်မှုထမ်းရမှာဖြစ်ပြီး လူငယ်၊ လူလတ်ပိုင်းတွေကိုလည်း AA က ပြည်နယ်ပြင်ပ ထွက်ခွာခွင့် ပိတ်ပင်တားမြစ်လိုက်ပါတယ်။
အမျိုးသားကာကွယ်ရေးအရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့တဲ့ မတ်လ ၂၅ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး အဲဒီပြဋ္ဌာန်းချက်အရ လူငယ်၊ လူလတ်ပိုင်းတွေ စစ်မှုထမ်းရမှာလို့ AA က ထုတ်ပြန်ပါတယ်။ အမျိုးသမီးဆိုရင် အသက် ၁၈နှစ်ကနေ ၂၅နှစ်အထိ၊ အမျိုးသားဆိုရင် အသက် ၁၈နှစ်ကနေ ၄၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ စစ်မှုထမ်းအကျုံးဝင်သူတွေ ပြည်နယ်ပြင်ပထွက်ခွာဖို့ ကြိုးပမ်းတာတွေ ရှိလာတာကြောင့် လူငယ်လူရွယ်တွေ ထွက်ခွာခွင့် ပိတ်ပင်ရတာဖြစ်ပြီး AA ကျန်းမာရေးဌာနက ကုသမပေးနိုင်တဲ့ ပြင်းထန်ရောဂါခံစားရတဲ့လူနာ၊ အသက် အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေကိုပဲ ထွက်ခွာခွင့်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ ရေလမ်း၊ ကုန်းလမ်းကနေ အခကြေးငွေနဲ့ ပို့ဆောင်တာ၊ ကုန်ပစ္စည်းပို့ဆောင်ရာမှာ လူပိုခေါ်တာ၊ ကယ်ရီပို့တာတွေကိုလည်း အရေးယူမယ်လို့ ဆိုထားပါတယ်။
အခုထုတ်ပြန်ချက် မထွက်ခင် ပြီးခဲ့တဲ့ လပိုင်းကတည်းက လူငယ်တွေ ပြည်နယ်ပြင်ပထွက်ခွာရင် ဖမ်းဆီးခံရတာ၊ နောက်ပြန်လှည့်ခိုင်းတာတွေ AA က လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတချို့ဆီကနေ သိရပါတယ်။ အမျိုးသားကာကွယ်ရေး အရေးပေါ်ပြဋ္ဌာန်းချက်ကို ပြဋ္ဌာန်းထားတယ်ဆိုပေမယ့် လူငယ်တွေ စစ်မှုထမ်းရမှာနဲ့ ပတ်သက်လို့ ပြည်သူလူထုကို တိတိကျကျ ထုတ်ပြန်အသိပေးတာမျိုး မတွေ့ရသေးပါဘူး။
……………………………………..
တမူးခရိုင်ပကဖ ၁၀ဦးကို ဖမ်းဆီးသတ်ဖြတ်မှု အရေးယူပေးဖို့ အိန္ဒိယကို NUG တောင်းဆို

တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော် ၁၀ဦးကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခေါ်ဆောင်ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးအရေးယူပေးဖို့ အိန္ဒိယအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ မေလ ၂၀ရက်မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ် မြန်မာဘက်ခြမ်း တမူးခရိုင် ကမ္မကြီးရွာအနီးကို လုံခြုံရေးအခြေအနေအရ စခန်းပြောင်းရွှေ့လာတဲ့ ပကဖ ရဲဘော် ၁၀ဦးဟာ မေလ ၁၄ရက်မှာ ပျောက်ဆုံးခဲ့ပြီး နှစ်ရက်အကြာမှာတော့ အာသံရိုင်ဖယ်တပ်ဆီကနေ အလောင်းတွေကို ရရှိခဲ့တာပါ။
အိန္ဒိယစစ်တပ်က ထုတ်ပြန်ရာမှာတော့ အိန္ဒိယဘက်ခြမ်းမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ လှုပ်ရှားနေတာကြောင့် စစ်ဆင်ရေး လုပ်ရာမှာ အဲဒီလက်ကိုင်တွေဘက်က စတင်ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ရာမှာ ရဲဘော် ၁၀ ဦးသေဆုံးတာလို့ ထုတ်ပြန်ထားပါတယ်။ အဲဒီပြောဆိုချက်ဟာ မှန်ကန်မှုမရှိဘူးလို့ NUG က တုံံ့ပြန်ပါတယ်။
စခန်းရွှေ့ပြောင်းတာနဲ့ပတ်သက်လို့ အာသံရိုင်ဖယ်တပ်ကို ကြိုတင်သတင်းပို့ထားပေမယ့် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ် ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် အလောင်းကို ပြန်လည်တောင်းခံရာမှာလည်း အချက်နှစ်ချက်ကို ဖိအားပေး သဘောတူခိုင်းခဲ့ တယ်လို့ ဖော်ပြပါတယ်။ အိန္ဒိယနယ်နိမိတ်ကို ဝင်ရောက်ပြီး စတင်တိုက်ခိုက်တာကြောင့် နှိမ်နှင်းခံရတာဆိုတဲ့အချက်နဲ့ နောက်နောင် နယ်စပ်ခြံစည်းရိုးခတ်တာကို မကန့်ကွက်ဘူး ဆိုတဲ့ အချက်နှစ်ချက် ဖြစ်ပါတယ်။
ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ အခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူဖို့၊ နစ်နာမှုတွေအတွက် တာဝန်ယူဖို့၊ နောက်နောင် အလားတူမဖြစ်အောင် လုပ်ဆောင်ဖို့၊ နယ်မြေအငြင်းပွားမှုတွေ ရှိနေတာကြောင့် နယ်စပ်ခြံစည်းရိုး ခတ်တာကို ရပ်ဆိုင်းထားဖို့ NUG က တောင်းဆိုထားပါတယ်။
……………………………………..
မန္တလေးမှာ နောက်ဆက်တွဲ ငလျင်ကြောင့် သားဖနှစ်ဦးသေဆုံး

မန္တလေးမှာ နောက်ဆက်တွဲ ငလျင်ကြောင့် သစ်ပင်လဲကျလို့ သားအဖနှစ်ဦး သေဆုံးခဲ့ပါတယ်။
ပြင်အား ရစ်ခ်တာစကေး ၅ဒသမ ၂အဆင့်ရှိတဲ့ ငလျင် မေလ ၁၇ရက်ညပိုင်းမှာ လှုပ်ခတ်ခဲ့တာပါ။ အဲဒီလို လှုပ်ခတ်ချိန် မဟာအောင်မြေမြို့နယ် အဘယာရာမရွှေဂူဘုန်းကြီးကျောင်းထဲက ငလျင်ကယ်ဆယ်ရေးစခန်းအပေါ်ကို ကုက္ကိုလ်ပင် လဲကျ ရာကနေ အခုလိုလူသေဆုံးခဲ့တာပါ။
ငလျင်ဘေးသင့်ပြည်သူတွေဟာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဘောလုံးကွင်းစတဲ့ ကွင်းပြင်တွေမှာ ယာယီတဲအိမ်ဆောက်ပြီး အခက်အခဲများစွာနဲ့ နေထိုင်နေရချိန် အခုလို ကြုံခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမှာ ငလျင်ဘေးသင့် အဆောက်အအုံတွေ ရှင်းလင်းဖို့ များစွာ ကျန်ရှိနေဆဲဖြစ်ပြီး နောက်ဆက်တွဲငလျင်တွေကြောင့် အဆောက်အအုံတွေ ပြိုကျတာတွေလည်း ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ရုပ်အလောင်းတစ်ရာကျော် တွေ့ရှိထားတဲ့ Sky Villa ကွန်ဒိုမှာလည်း ငလျင်လှုပ်ခတ်မှု ၂လနီးပါး ကြာလာတဲ့ချိန်အထိ ရုပ်အလောင်းတွေ ဆက်လက်တွေ့ရှိနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မေလ ၂၀ ရက်ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၃၇၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၅၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ မေလ ၂၁ ရက်အထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်တာ အကြိမ်ရေ ၁၈၀နီးပါးရှိလာပြီလို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
……………………………………..
ရန်ကုန်က စက်ရုံတချို့မှာ လုပ်ခတိုးပေးဖို့ ဆန္ဒပြတောင်းဆို

ရန်ကုန်က စက်ရုံတချို့မှာ လုပ်အားခတွေ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ယခုသီတင်းပတ်အတွင်း အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ကော်စေ့စက်ရုံ ငါးခုထက်မနည်းမှာ လုပ်အားခတိုးမြှင့်ပေးဖို့ တောင်းဆိုကြတာတွေ တွေ့ရပါတယ်။ တစ်ရက် ပုံမှန်အလုပ်ချိန် ၈နာရီအတွက် လုပ်အားခ ကျပ် တစ်သောင်းကနေ တစ်သောင်းခွဲအထိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီထဲက Adidas အမှတ်တံဆိပ် ဖိနပ်ချုပ်နေတဲ့ ချန်းရိ စက်ရုံကတော့ တစ်ရက်လုပ်အား ၁၂၀၀၀ အပါအဝင် တောင်းဆို ချက်အများအပြား ရရှိလို့ ဆန္ဒပြတာ ပြီးဆုံးသွားပါတယ်။ တစ်ရက်လုပ်အားခ ကျပ်တစ်သောင်း တောင်းဆိုထားတဲ့ True Green ကော်စေ့စက်ရုံမှာလည်း ကျပ် ၈၀၀၀ နဲ့သဘောတူညီမှု ရရှိခဲ့သလို နောက်ထပ် အထည်ချုပ်စက်ရုံတစ်ရုံမှာ တစ်ရက် လုပ်ခ တစ်သောင်းကျပ်အထိ တိုးပေးဖို့ သဘောတူညီမှုရတယ်လို့ သိရပါတယ်။ လုပ်အားခ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ နောက်ထပ် စက်ရုံနှစ်ခုထက်မနည်းလည်း ရှိနေပါသေးတယ်။
……………………………………..