BREAKING
May 24, 2025

စစ်ကောင်စီ လက်နက်ကြီးကြောင့် ဘုတ်ပြင်းဒေသခံတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

May 24, 2025

ပုံစာ - လေညာကျေးရွာတစ်နေအား တွေ့ရစဉ်(ပုံဟောင်း)

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် တစ်မိုင်ခွဲကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

လေညာကျေးရွာရှိ စစ်ကောင်စီတပ်က မေလ ၂၂ရက် ည၈နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး တစ်မိုင်ခွဲကျေးရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဘိုဟိန်း၏ နေအိမ်အနီး ကျ‌ရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။

ဦးဘိုဟိန်း၏ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရပြီး ညာဘက်နားရွက်လည်း ပြတ်တောက်ခဲ့ကြောင်း ဒဏ်ရာရသူ၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

“ခေါင်းကို ထိသွားတယ်ဆိုတော့ စိုးရိမ်ရတယ်။ နားရွက်တစ်ဖက်လည်း ပြတ်သွားတယ်။ ဖြစ်ဖြစ်ချင်း မဏ္ဍိုင် (ပြည်ကြီးမဏ္ဍိုင်မြို့) ဆေးရုံသွားပြန်တော့လည်း လေညာ (ရွာ) စစ်တပ်က ညဘက် မပေးဖြတ်ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က သွားခွင့်မပြုသဖြင့် ညတွင်းချင်းဆေးရုံမတင်ပို့နိုင်ဘဲ နောက်တစ်ရက် နံနက်ပိုင်းမှသာ ဆေးရုံတင်ရကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။

“လက်နက်ကြီးနဲ့ ရမ်းသမ်းပြီးပစ်နေတာ။ လက်နက်ကြီး အသံတွေ ကြမ်းမှကြမ်း။ ညဘက်တွေဆို ရက်တိုင်းနီးပါးပဲ မဏ္ဍိုင်ကမ်းကို မပစ်ရင် ချောင်းမွန်းဘက်ကို အမြဲ လက်နက်ကြီးနဲ့ ထုနေတယ်” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရထားသည့် ဦးဘိုဟိန်းကို ပြည်ကြီးမဏ္ဍိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသနေပြီး အခြေအနေ စိုးရိမ်ရသဖြင့် မြိတ်မြို့တွင် လွှဲပြောင်းကုသရန်ပြင်ဆင်နေကြောင်း မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။