BREAKING
May 24, 2025

စားဖို့ခက်၊ သွားဖို့ခက် စက်သုံးဆီဂယက်

May 24, 2025

စစ်ကောင်စီက ထားဝယ်ခရိုင်အတွင်း စက်သုံးဆီ သယ်ယူရောင်းချခွင့် ပိတ်ဆို့ဖြတ်တောက် ထားသည်မှာ ရက်ပေါင်း ၃၀ အထိရှိလာပြီဖြစ်သည်။ ယင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ရက်အရှည်ကြာဆုံး ဖြတ်တောက်မှုလည်းဖြစ်သည်။

ထားဝယ်မြို့တွင်းရှိ စက်သုံးဆီကို မြို့ပြင်သို့ သယ်ယူခွင့်မပေးရန် စစ်ကောင်စီတပ်က ဆီလုပ်ငန်းများကို အကျပ်ကိုင်ညွှန်ကြားထားပြီး မြို့အဝင်၊အထွက်စစ်ဆေးရေးဂိတ်တို့တွင်လည်း စစ်ဆေးဖမ်းဆီးနေသဖြင့် အဖမ်းခံရသူများလည်း ရှိနေသည်။

လချီကြာစက်သုံးဆီ ဖြတ်တောက်ထားခြင်းခံနေရသည့် ဒေသခံများမှာ တစ်လီတာကို ကျပ် ၇၀၀၀ အထိဈေးကြီးပေး ဝယ်ယူနေကြရသည်။

နေ့စဉ်လူနေမှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် မရှိမဖြစ်အရေးပါသည့် စက်သုံးဆီ ဖြတ်တောက်ခြင်းခံနေရသဖြင့် လယ်သမား၊ ခြံသမားများမှာ စက်သုံးဆီကို ရရာနေရာမှ ဈေးကြီးပေး ဝယ်ယူနေကြရခြင်းဖြစ်သည်။

စက်သုံးဆီ ဝယ်ယူရခက်ခဲခြင်းနှင့် စျေးမြင့်တက်မှုတို့ကြောင့် ဒေသတွင်း အခက်အခဲ အကျပ်အတည်းများလည်း ပိုမိုများပြားလာနေပြီး ကုန်စျေးနှုန်းကြီးမြင့်မှုများလည်း ရှိနေသည်။

စက်သုံးဆီပိတ်ဆို့ခံရမှုကြောင့် ပြည်သူလူထုကြုံတွေ့နေရသည့် အခက်အခဲ အကျပ်အတည်း အခြေအနေများကို သိရှိနိုင်ရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“စက်သုံးဆီ မပြောနဲ့ အင်ဂျင်ဝိုင် ၊ ဂီယာဝိုင်လိုမျိုး ချောဆီတွေတောင် စစ်ကောင်စီကိုမပြောဘဲ တင်လာရင် သိမ်းတယ်”

ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ကုန်တင်ယာဥ်မောင်းသူတစ်ဦး

DW ။ ထားဝယ်ခရိုင်ထဲမှာ စက်သုံးဆီအခက်အခဲ ဖြစ်နေကြတယ်။ အစ်ကိုတို့ဆီမှာရော ဖြစ်လား။ ဘယ်လိုဖြစ်နေလဲ။

ဖြေ ။ အခက်အခဲဖြစ်တယ်။ ကံပေါက်မှာဆို ဓာတ်ဆီဝယ်မရတာမျိုးရှိတယ်။ ကလိန်အောင်ကဆိုင်တွေမှာ ဆီလာတန်းစီနေရတယ်။ တစ်ခါတန်းစီရင် ကားတစ်စီး တစ်သောင်းခွဲဖိုး ခွဲတမ်းရတယ်။ ကားက တစ်ရက် ကုန်တင်ကုန်ချထွက်ဖို့ ခုနစ်သောင်းဖိုးလောက်ထည့်မှ ရတယ်ဆိုတော့ မပြည့်ပြည့်အောင်တန်းစီပြီး အလှည့်ကျနဲ့ ဖြည့်နေရတယ်။

DW ။ ဘာကြောင့် အဲဒီလို အခက်အခဲ ဖြစ်နေတယ်လို့ သိထားရလဲ။

ဖြေ ။ ကြားရတာကတော့ ထားဝယ်မှာ စက်သုံးဆီ ဆိုင်ကြီးတစ်ဆိုင် မှာ စက်သုံးဆီတွေကို စစ်တပ်ကဖမ်းတယ်ဆိုပြီး ကြားရတယ်။ အဲဒီနောက်ပိုင်းမှာ အခုလို အခက်အခဲဖြစ်လာတယ်။ လိုင်စင်မရှိတဲ့ဆိုင် မရောင်းခိုင်းဘူးလို့လည်း သတင်းထွက်နေတယ်။ ကံပေါက်က စည်ပင်မြေအမည်မပေါက်တော့ ကံပေါက်စက်သုံးဆီဆိုင်တွေက တစ်ဆိုင် မှ လိုင်စင်လုပ်မရတာက ခေတ်အဆက်ဆက်ပဲ။ လိုင်စင်နဲ့ ကျပ်လိုက်ရင်တော့ အတော်ခက်ခဲသွားမယ်။ အခုက သတင်းပဲ ကြားရသေးတယ်။ သိပ်မတင်းကျပ်သေးတော့ နားလည်မှုနဲ့ နည်းနည်းစီရောင်းလို့ရနေသေးတယ်။ ပမာဏများများလိုချင်ရင်တော့ ကလိန်အောင်ထွက်လာသယ်ရတာပေါ့။ ကံပေါက်မှာက စက်သုံးဆီ လမ်းကြောင်း က ရန်ကုန်ဘက်က တစ်ကြောင်း နဲ့ထားဝယ်ဘက်ကတစ်ကြောင်း ဝင်တယ်။ ရန်ကုန်ဘက်မှာလည်း လဆန်းတုန်းက တံတားကျိုးတာနဲ့ ခဏလောက် လမ်းကြောင်းရပ်နေတာ အခုတော့ပြန်ဝင်နေပြီ။ဒါပေမဲ့ လိုင်စင်ကိစ္စကြောင့် ပေါ်ပေါ်တင်တင် မရောင်းကြဘူး။ အကန့်အသတ်နဲ့ပဲ ရောင်းကြတယ်။

DW ။ စက်သုံးဆီကို ဒေသထဲမှာ လုံလုံလောက်လောက် မရဘူး။ အဲဒီတော့ နီးစပ်ရာ ရတဲ့နေရာ ကသယ်ပြီး စစ်ဆေးရေးဂိတ်တွေ ဖြတ်တာကရော အဆင်ပြေရဲ့လား။

ဖြေ ။ သူတို့(စစ်ကောင်စီတပ်) ကို မပြောထားရင်ဖမ်းတယ်။ စက်သုံးဆီသယ်ချင်ရင် ဘယ်လောက်ပမာဏသယ်မယ်ဆိုပြီး အစကတည်းက ဂိတ်ကို အကြောင်းကြားပြီးသယ်ရတယ်။ ပြီးတော့ ကိုယ်သယ်တဲ့ ပမာဏအနည်းအများအပေါ်မူတည်ပြီး လက်ဘက်ရည်ဖိုးပေးရတယ်။ အဲဒီလိုမှသယ်လိုရတယ်။ မဟုတ်ရင် ဆွဲချပြီး သိမ်းတာပဲ။ စက်သုံးဆီ မပြောနဲ့ အင်ဂျင်ဝိုင် ၊ ဂီယာဝိုင်လိုမျိုး ချောဆီတွေတောင် သူတို့ကိုမပြောဘဲ တင်လာရင် သိမ်းတယ်လေ။

DW ။ ဂိတ်က ဘယ်နှစ်ခုလောက် ရှိလဲ။ ဘယ်လိုဖြတ်သန်းသွားလာနေရလဲ။

ဖြေ ။ ကံပေါက်ကနေ ထားဝယ်ဘက်သွားတဲ့ကားတွေကတော့ ဂိတ်က နည်းတယ်။ ရန်ကုန်ဘက်က ဂိတ်ပိုများတယ်။ ဒါပေမဲ့ ဒေသတွင်း အမြဲရင်ဆိုင်နေရတာကတော့ ကံပေါက်သစ်တောရုံး ဂိတ်နဲ့ ကလိန်အောင် တံတားဂိတ်တွေက ဒေသခံတွေနေ့တိုင်းထိတွေ့နေရတယ်။ ကံပေါက်ဂိတ်က အချိန် နဲ့ဖွင့်တယ်။ အမီသွားရတယ်။ မမီရင် ဝင်မရတော့ဘူး။ ကားသမားတွေအပေါ်လည်း နည်းနည်းရစ်တယ်။ ပစ္စည်းဆိုရင်အပြည့်မတင်ခိုင်းဘူး။ သူတို့လှမ်းကြည့်ပြီးစစ်လို့ရအောင်ပဲ တင်ခိုင်းတယ်။ တကယ်လို့ အပြည့်တင်ခဲ့မယ်ဆိုရင် ဂိတ်မှာ ကိုယ့်အလုပ်သမားနဲ့ကိုယ် ကားတစ်စီးလုံးစာ ပြန်ချခိုင်းပြီး စစ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးရှိတယ်။ ကလိန်အောင် တံတား ဂိတ်ကတော့ ကုန်တင်ယာဥ်ထက် ခရီးသည်ကို ပိုစစ်တယ်။

DW ။ အခြားဒေသခံတွေရော စက်သုံးဆီအခက်အခဲ ဘယ်လိုရင်ဆိုင်နေရတာကြားရလဲ။

ဖြေ ။ ဆီဝယ်မရတာပဲလေ။ အကန့်အသတ်နဲ့ ရောင်းတော့အကန့်အသတ်နဲ့ပဲ ဝယ်ရတယ်။ ငါးဂါလန်ပုံး တစ်ပုံးစာအများဆုံးပဲ ရောင်းပေးတာ။ ဆီကလည်းရှားနေသလို လိုင်စင်ကိစ္စကြောင့် နည်းနည်းကြောက်ကြလို့ အကန့်အသတ်နဲ့ ပဲရောင်းနေကြတယ်။

DW ။ ရေရှည်အတွက်ရော ဘယ်လိုအခက်အခဲရှိမလဲ။ ဘယ်လိုဖြေရှင်းမလဲ။

ဖြေ ။ အကြာကြီးတော့ ဖြစ်နေမယ်လို့ မထင်ဘူး။ အရင် အစိုးရအဆက်ဆက် စစ်တပ်ခေတ်ရော အရပ်သားအစိုးရခေတ်ရော ကံပေါက်မှာ ဆီဆိုင်ဖမ်းတယ်ဆိုပြီး လုပ်တာက အမြဲကြားနေရတယ်။ ဆီဆိုင်သမားတွေအတွက်လည်း အမြဲကြုံနေရတဲ့ အခက်အခဲပေါ့။ ဘာလို့လဲ ဆိုတော့ စည်ပင်မြေမဟုတ်တော့ ဆိုင်လိုင်စင်မရ ၊ ဆိုင်လိုင်စင်မရတော့ အမြဲခြိမ်းခြောက်ပြီး ဖမ်းမယ်ဆီးမယ် ငွေညစ်မယ်လုပ်နေတာ။ ရေဖြူစည်ပင်ကတော့ ဆီဆိုင်တွေကိုရော ၊ အိမ်တွေရော အားလုံး အခွန်ကောက်နေတာ။ ဖြစ်လာရင် စည်ပင်အခွန်စာရွက်ကလည်း ဖြေရှင်းချက်ပေးမရဘူး။ လုံလည်ချာလည်ဖြစ်နေတာပေါ့။ အဲလိုဆိုတော့ ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်လာရင် ဆိုင်တွေကလည်း နားလည်မှုနဲ့ ခဏရပ်ကြရတာပဲ။ ကားတွေ ဆိုင်ကယ်တွေ စက်တွေ က ရပ်ထားလို့မှမရတာ။ ဆီကလိုနေမှာပဲ။ လိုင်စင်ရှိရှိမရှိရှိ စက်သုံးဆီကလိုနေမှာပဲ။ လက်တလောကတော့ ကလိန်အောင်မှာ ဆီသွားတန်းစီဖြေရှင်းနေတာပေါ့။ နောက်ပိုင်းကတော့ ခုနကပြောသလို အဝင်လမ်းကြောင်းနှစ်ခုရှိနေတော့ ပြန်အဆင်ပြေမယ်ထင်ပါတယ်။ ကျန်ဒေသတွေအတွက်တော့ ပြောမတတ်ဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“သုံးလေးရက်လုပ်ထားတဲ့ပိုက်ဆံက ဆိုင်ကယ်ဆီဖိုးတင် သုံးသောင်း(ကျပ်) ကုန်သွားပြီလေ။ ကျွန်တော်စားဖို့ဘယ်ကျန်တော့မယ်။ အခုဆိုရင် အရမ်းဝေးတဲ့အလုပ်တွေဆို လက်မခံတော့ဘူး”

လောင်းလုံးမြို့နယ်က ရွှေ့ပြောင်းအလုပ်သမားတစ်ဦး

DW ။ ဦးတို့ဖက်မှာ စက်သုံးဆီနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေလဲ။ အဲဒါ‌အရင်ဆုံးပြောပြပါ။

ဖြေ ။ ဘာတွေဖြစ်နေလဲဆိုတော့ လိုက်ရှာပြီးဝယ်နေရတယ်။ ဒီရွာမှာမရှိရင် ဒီပြင်ရွာကိုသွား။ အဲမှာမရင် တစ်ခါထပ်သွားပေါ့နော်။ ‌ဈေးကလည်းတော်တော်ကြီးတယ်ဗျ။ အစတုန်းကဆိုရင် (စစ်ကောင်စီက စက်သုံးဆီစတင်ဖြတ်‌လိုက်ချိန်ကကိုဆိုလို) တစ်ဂါလန်ကို (ကျပ်)နှစ်သောင်းရှစ်ထောင်၊ သုံးသောင်းအထိဝယ်ရတယ်။

DW ။ စက်သုံးဆီဝယ်ရခက်ပြီး ဈေးကြီးလာတာကဘာဖြစ်လို့လဲ။

ဖြေ ။ အဓိကကတော့ ဒီဖက်ကရွာတွေကို အဲဒီစက်သုံးဆီတွေသယ်ရင် စစ်တပ်ကဖမ်းတယ်။ အဲဒီက‌မြောကင်းတံတားကနေ ဖမ်းတယ်။ ဈေးကြီးတာကတော့ ရောင်းတဲ့သူတွေက ဈေးတင်ပြီးရောင်းကြတာကိုး။ ကျွန်တော်တို့က ဒီနယ်ခံတွေလည်းမဟုတ်တော့ (ထားဝယ်) မြို့တက်ပြီး သွားဝယ်ဖို့ကလည်း အဆင်မပြေဘူးလေ။ ရွာမှာပဲ (တစ်လီတာ) ငါးထောင်ဆိုလည်းဟုတ်ကဲ့။ ခုနစ်ထောင်ဆိုလည်း ဟုတ်ကဲ့ အဲလိုပဲဝယ်ကြရတာပေါ့။ ရောင်းတဲ့သူတွေက ဘယ်လိုလဲဆိုတော့ သူတို့က အဲဒီမြို့ကနေ (တစ်လီတာ) သုံးထောင်နဲ့ဝယ်လာတဲ့ဟာတွေကို ရွာရောက်တော့ ခြောက်ထောင်တွေ ၊ခုနစ်ထောင်တွေနဲ့ ရောင်းကြတာလေဗျာ။ သူတို့ကတော့အဆင်ပြေတာပေ့ါဗျာ။ တစ်လီတာရောင်းရရင်ကို သုံးထောင်လောက်မြတ်နေပြီလေ။ ကျွန်တော်တို့ကျတော့ ဈေးကြီးကြီးနဲ့ဝယ်ရတဲ့အခါကျတော့ ဘယ်အဆင်ပြေမလဲစဉ်းစားကြည့်ပေါ့ဗျာ။

DW ။ ဘယ်လိုအဆင်မပြေတာတွေရှိလဲ။ အဲဒါတွေပြောပြပေးပါလား။

ဖြေ ။ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့က အဲဒီစက်သုံးဆီတစ်ဂါလန်ကို နှစ်သောင်းရှစ်ထောင်(ကျပ်) နဲ့ဝယ်ပြီးရင် ဆိုင်ကယ်ဆီထည့်ပြီး အလုပ်သွားရတယ်ဗျာ။ တစ်ခါ‌တစ်လေဆို တစ်ဂါလန်ကို သုံးလေးရက်ပဲအသုံးခံတယ်။ ကျွန်တော်တို့ရတာက နေ့စားဆိုရင် တစ်နေ့ကိုမှ နှစ်သောင်း(ကျပ်) ပဲရတာ။ သုံးလေးရက်လုပ်ထားတဲ့ပိုက်ဆံက ဆိုင်ကယ်ဆီဖိုးတင် သုံးသောင်း(ကျပ်) ကုန်သွားပြီလေ။ ကျွန်တော်စားဖို့ဘယ်ကျန်တော့မယ်။ အခုဆိုရင် အရမ်းဝေးတဲ့အလုပ်တွေဆို လက်မခံတော့ဘူး။ ဆိုင်ကယ်ဆီဖိုး နှုတ်လိုက်ရင် တစ်ပတ်စာ ဆန်ဖိုးတောင်အနိုင်နိုင်ဆိုတော့ အဝေးကြီးကအလုပ်တွေ လိုက်မလုပ်တော့ဘူး။ မကိုက်ဘူးလေဗျာ။ အဲလိုကျပြန်တော့လည်း လူတွေက လက်ကျောမတင်းဘူး။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ဖောက်သယ်တွေ ပျက်သွားပြန်ရောဗျာ။

DW ။ ဒီလိုခက်ခဲနေတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ အကောင်းဆုံးကတော့ အရင်ကဈေးအတိုင်း လိုချင်တာပေါ့ဗျာ။ ဒါပေမဲ့ စစ်တပ်ကပိတ်ထားတော့ အရင်ကဈေးအတိုင်းမရနိုင်ဘူးဆိုတာတော့ ကျွန်တော်တို့လည်း နားလည်ပါတယ်။ ဖြစ်နိုင်ရင်တော့ အဲလောက်အမြတ်တင်ပြီး မယူစေချင်ဘူး။(တစ်လီတာကို) တစ်ထောင်လောက်ပဲ အမြတ်ယူပြီးရောင်းပေးစေချင်တယ်။

DW ။ ဒီထက်ပိုပြီး စစ်ကောင်စီက စက်သုံးဆီဖြတ်တောက်ထားမယ်ဆို ဘယ်လိုဖြစ်မလဲ။

ဖြေ ။ ဒီထက်ပိုဈေးကြီးလာမှာပေါ့ဗျာ။ ဒီထက်ပိုဈေးကြီးလာရင်တော့ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ အခုတောင် (ကိုယ့်လုပ်အားခ) သုံးပုံတစ်ပုံလောက်က သူတို့ကိုပေးလိုက်ရပြီ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ခုနကဟာပေါ့ဗျာ။ ဖြစ်နိုင်ရင် အမြတ်နည်းနည်းလျှော့ပေးပြီး ရောင်းပေးတာမျိုး လုပ်စေချင်တာလေးတော့ အဲဒါပြောချင်တယ်ဗျ။

DW ။ ကျေးဇူးတင်ပါတယ်။

“မြက်ရိတ်စက်နဲ့ တောခုတ်ခတောင် တစ်နေ့ကို အရင်က ၁၅၀၀၀ လောက်ပဲ ရှိတယ်။ အခုက ၆၀၀၀၀ စက်သုံးဆီဈေးကြီးလို့ တက်သွားတာ”

ရေဖြူမြို့နယ် နဘုလယ်ဒေသခံတစ်ဦး

DW ။ စက်သုံးဆီသယ်ယူခွင်မရတာနဲ့ ပတ်သက်ပြီး ဘာတွေ ကြုံနေရလဲ။

ဖြေ ။ ရှာကြံပြီးဝယ်နေရတာပေါ့။ ဈေးကမြင့်နေတယ်။ ဓာတ်ဆီ ၁ ဂါလန် ကို (ကျပ်) ၃၀၀၀၀ အထိ ပေးရတယ်အရင်က တစ်ဂါလန်မှ ၁၆၀၀၀ ပဲရှိတယ်။ဒီဇယ် ၁ ဂါလန်ကို ၂၆၀၀၀ ပေးရတယ်။အရင်ကဆို ၁ သောင်းကျော်ပဲရှိတယ်။ လွယ်လွယ်ကူကူဝယ်မရတော့ အခုကခက်ခဲဆုံးပေါ့။သွားလာဖို့ ဆီကလိုအပ်တယ်လေ။ ဆီရှိတဲ့သူကလည်း တစ်ရက် ရောင်းပြီး ကုန်ပြီလို့နားလိုက်တယ်။ နောက်တစ်ရက် ဈေးပြန်တင် ရောင်းပေါ။ အခု တစ်ဘူးကို ၅၀၀၀ လောက်ပေးဝယ်နေကြရတယ်။

DW ။ စက်သုံးဆီအခက်အခဲကို ဒေသတွင်းမှာ ဘယ်လိုဖြေရှင်းနေကြလဲ။

ဖြေ ။ အရင်လိုဆိုင်မှာ ဝယ်လို့မရတော့ ပုံစံမျိုးစုံနဲ့ စုထားတဲ့သူတွေရှိတယ်။ အဲဒီမှာတော့ လိုသလောက်မရဘူး။ တစ်ယောက်ကို တစ်ဘူးဆိုတစ်ဘူး အကန့်အသတ်နဲ့ပဲ ရတော့တယ်။ လယ်သမားတွေဆို လယ်ထွန်ဖို့ ခုလိုပဲ နည်းနည်းနည်းနည်း စုနေရတာပေါ့။ လူမှုရေးကိစ္စအတွက် သွားလာဖို့လည်း ကြိုပြီးဝယ် ၊ရသလောက်ဝယ်၊ နည်းနည်းစုထားရတယ်။ အရင်ကဆို အခုလိုအခုသွားထည့်လို့ရတယ်။ ခုကအဲဒီလိုမရတော့ ကိုယ်သွားမဲ့ခရီးကို စဉ်းစားပြီး ဆီကိုအရင်စုထားရတာပေါ့။

DW ။ ဘာကြောင့်စစ်ကောင်စီက ဒီလို စက်သုံးဆီဖြတ်တောက်ထားတယ်လို့ထင်လဲ။

ဖြေ ။ တစ်ခုတော့စဉ်းစားမိတယ် ပြည်သူတွေခက်ခဲဖြစ်ရင် သူတို့ ကိုထောက်ခံလာမယ်ဆိုပြီး အတွေးနဲ့လုပ်သလားပေါ့။ ပြည်သူတွေကလည်း ဒီဘက်ကမရရင် ရတဲ့ဖက်က ဒီလိုပဲရှာကြံမှာပဲလေ။ ဒီနည်းလမ်းက ပြည်သူတွေကိုပဲ အခက်အခဲဖြစ်စေတာပဲရှိတယ်။ မြက်ရိတ်စက်နဲ့ တောခုတ်ခတောင် တစ်နေ့ကို အရင်က ၁၅၀၀၀ လောက်ပဲ ရှိတယ်။ အခုက ၆၀၀၀၀၊ စက်သုံးဆီဈေးကြီးလို့ တက်သွားတာ။ လယ်သမားတွေလည်းခု ဆီရှာရင်းနဲ့ ဗျာများနေကြတာ။ ခုက ငါးဂါလန်ရတဲ့နေရာမှာ ၅ ဂါလန်ဝယ်၊ ၁ ဂါလန်ရတဲ့ နေရာမှာ ၁ ဂါလန်ဝယ် အဲဒီလိုနည်းနဲ့ ခုရာသီ လယ်လုပ်ဖို့စုနေကြရတာပေါ့။ အဲဒါကြောင့် အဝေးကြီးသွားရမဲ့ လမ်းခရီးမျိုးဆို စဉ်းစား လာရတယ်။ ရေရှည်ကဘယ်ဆင်ပြေမလဲ။ အခုခေတ်မှာ လမ်းလျှောက်ပြီးသွားတဲ့သူမှ မရှိတော့တာ။ ဒီလို ဈေးကြီးပုံမျိုးနဲ့က စားဖို့ ဆန်စုရသလို သွားဖို့လည်း ဆီစုရဖို့ ဖြစ်နေပြီ။ စစ်ကြောင်းထိုးလာ ရှောင်ရရှားရတော့မယ်ဆိုရင် ပိုလိုတောင်အခက်အခဲ ဖြစ်လာမှာပေါ့ ပြည်သူတွေ။သူတို့ ( စစ်ကောင်စီ)လည်း ဒါမျိုးပဲလိုတယ်ထင်တယ်။ တော်လှန်ရေးအဖွဲ့စည်းတွေ အနေနဲ့လည်း တိုက်ပွဲတွေမှာ ကားတွေအသုံးပြုရတာ ခက်ခဲလာမယ်ပေါ့လေ။ လက်ရှိအရင် ထိခိုက်တာက ပြည်သူတွေပဲ ပေါ့။ခုဆို စားဖို့လည်းပူသွားဖို့လည်းပူနေကြရတာ စစ်ကောင်စီလုပ်တာက အမြတ်ကြီးစားသမားတွေ အတွက် ပဲ ဖြစ်သွားတယ်လေ။ လူတွေက စားဝတ်နေရေးခက်ခဲတာကတစ်မျိုး ၊သွားဖို့ လာဖို့ခက်ခဲတာကတစ်မျိုး ရေရှည်အတွက် လုံးဝဆင်မပြေနိုင်တော့ဘူးပေါ့။

“လယ်လုပ်ချိန်လည်းနီးလာပြီ၊ လုပ်ငန်းတွေလုပ်ဖို့လူတွေကလည်း လုပ်မရဲ၊ စက်သုံးဆီဈေးကကြီးတာနဲ့ အခြေအနေမအေးလို့ လုပ်မရဲတဲ့လူနဲ့”

သရက်ချောင်းမြို့နယ်ဒေသခံတစ်ဦး

DW ။ အခုနောက်ပိုင်း စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ထားတယ်လို့ပြောတယ်၊ ဦးတို့ သရက်ချောင်းဘက်မှာရော ဘယ်လိုဝယ်နေလဲ။

ဖြေ ။ အောက်ဘက်မှာဆင်းဝယ်ကြတယ်လို့ပြောတယ်။ သရက်ချောင်းဘက်ကလဲ သယ်လာဖို့လမ်းမရှိဘူးလေ။ ဝင်းဝမှာ စစ်တပ်နဲ့ကိုး။ လယ်လုပ်ဖို့အတွက်ဆို အောက်ဘက်က(ပဲဒက်ဘက်) တက်လာတဲ့ ဆီတွေပဲဆင်းဝယ်ရမှာပေါ့။ အဲ့ဒီအောက်ဘက်ကိုဆင်းရင် ဆီဆိုင်တွေရှိသေးတယ်လေ။ အဲမှာဆင်းဝယ်တာပေါ့။ လယ်လုပ်တဲ့သူတွေဆို များများလိုရင် ဟိုးအောက်မှာ ဆင်းဝယ်ရတာပေါ့နော်။

DW ။ ဆီတစ်လီတာကို ဘယ်လောက်ပေးရလဲ၊ လိုသလောက်ရော ဝယ်လို့ရလား။

ဖြေ ။ အခု ဦးတို့ဆီမှာ တစ်လီတာကို ၅၀၀၀ လောက်ပေးရတယ်။ အခုဝယ်ထားတာ ၃ ရက်လောက်ဖြစ်သွားပြီ။ အောက်သရက်ချောင်းဘက်ကနေ ဆင်းဝယ်လာတယ်။ ၁ ဂါလန်လောက်ပဲ ဝယ်လာတာလေ၊ သုံးသောင်းခွဲဖိုးလောက်ပဲလေ။

DW ။ ဒါဆိုတောထွင်ဖို့အတွက်ဆို တစ်သိန်းကျော်လောက်တော့ လိုမှာပေါ့။ အလုပ်သမားစရိတ်နဲ့ စက်သုံးဆီဈေးနဲ့ ကွမ်းသီးပြန်ထွက်တာနဲ့ ကိုက်ရဲ့လား။

ဖြေ ။ ကိုယ့်ဘာသာကိုယ်ထွင်တယ်ဆိုတော့ အလုပ်သမားခတော့မကုန်ဘူးပေါ့။ အလုပ်သမားလည်း ငှားရမလွယ်ဘူး။ ဦးတို့ရွာမှာ လူငယ်တွေက လှေမှာပဲရှိတယ်။ စက်သုံးဆီက သိပ်တော့မခက်ခဲဘူး။ ကိုယ့်ရွာမှာ ဝယ်မရရင်သူများရွာထိ အောက်ဘက် ဆင်းဝယ်ရနေသေးတယ်။ ဈေးကြီးဆိုလည်း တိုက်ပွဲဖြစ်လို့ လမ်းပိတ်နေတုန်းက စစ်ဘေးရှောင်ရတဲ့နေရာမှာ ကြက်ဥတစ်လုံးကိုတောင် တစ်ထောင်လောက် ဖြစ်သွားသေးတာပဲ။

DW ။ ဒါဆို လယ်လုပ်နေတဲ့ လယ်သမားတွေဆိုရင်ရော စက်သုံးဆီအခက်အခဲရှိမလား။

ဖြေ ။ လယ်ဧကနည်းတဲ့သူတွေဆိုရင်တော့ သိပ်ပြီးအခက်အခဲမရှိဘူးပေါ့။ အေး..လယ်ထွန်စက်အငှားလိုက်နေတဲ့ သူတွေမျိုးဆိုရင်တော့ စက်သုံးဆီ လိုက်ရှာထားရတာပေါ့။ သူတို့လည်း ဈေးကြီးရင် ဈေးကြီးသလိုဝယ်ပြီး လယ်ထွန်ခကိုလည်း စက်သုံးဆီဈေးကြီးရင် ဈေးကြီးတဲ့အလိုက် ပြန်ယူတာပဲ။

DW ။ ဒါဆို ဦးတို့ရွာမှာ စက်သုံးဆီဝယ်မရလို့ လယ်မလုပ်ရတာမျိုး၊ ဥယျာဉ်ခြံ တောမထွင်ရတာမျိုးတွေရှိလား။

ဖြေ ။ မရှိတော့ မရှိဘူး။ ဆီတော့ ပြတ်မှာမဟုတ်ဘူးလို့ထင်တယ်၊ ဘာလို့လဲဆိုတော့ အခုလည်းဆီပြတ်မှ မပြတ်တာ။ ခက်တော့ခက်ခဲတာပေါ့။ ဘယ်လိုလုပ်မလဲ ကိုယ့်ခြံဆိုတော့ လုပ်နေရတာပေါ့။ အခုက အကုန်လုံးက ငြီးနေကြတဲ့လူချည်းပဲ။ လယ်လုပ်ချိန်လည်းနီးလာပြီ၊ လုပ်ငန်းတွေလုပ်ဖို့လူတွေကလည်း လုပ်မရဲ၊ စက်သုံးဆီဈေးကြီးနဲ့ အခြေအနေမအေးလို့ လုပ်မရဲပဲလူနဲ့ အဲ့လိုမျိုးဖြစ်နေတယ်။

လယ်လုပ်ချိန်လည်းနီးလာပြီ၊ လုပ်ငန်းတွေလုပ်ဖို့လူတွေကလည်း လုပ်မရဲ၊ စက်သုံးဆီဈေးကြီးနဲ့ အခြေအနေမအေးလို့ လုပ်မရဲပဲလူနဲ့ အဲ့လိုမျိုးဖြစ်နေတယ်။

“တစ်ကယ် အသက်ရှင်နေလျက် ခံစားနေရတဲ့ ဘဝငရဲတွေပဲ”

“ဓာတ်ဆီဈေးမှမဟုတ်ဘူး။ ကုန်ဈေးနူန်းတွေအကုန်တက်လာတာ စိတ်ညစ်လို့ သတ်သေချင်စိတ်တွေပါ ဖြစ်တယ်”

အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး၊ မနိုးရုံးကျေးရွာအုပ်စု၊ ဘုတ်ပြင်းမြို့နယ်

DW ။ စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားတာနဲ့ပတ်သက်ပြီး ရွာဘက်တွေမှာ ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ ။ ဒီမှာက ဥယျာဉ်ခြံလုပ်ငန်းနဲ့ ရေလုပ်ငန်းလုပ်တဲ့သူများတော့ အခက်အခဲတအားဖြစ်တယ်။ ဧပြီလ အစကဆို ဓာတ်ဆီတစ်ဘူး(ငါးဆယ်သားဝင်ဆံ့)ကို (ကျပ်) ခုနစ်ထောင်အထိပေးဝယ်ရတယ်။ အခုတော့တစ်ဘူး (ကျပ်) ငါးထောင်လောက်ပဲကျန်ပြီ။ မြိတ်ကနေ တင်လို့ဝောာ့မရသေးဘူး။ တခြားရွာတွေက လိုက်ဝယ်ပြီး သုံးနေရတယ်။

DW ။ စက်သုံးဆီတင်သွင်းခွင့်ပိတ်လိုက်တော့ ရွာတွေမှာ ဓာတ်ဆီဈေးတက်လာတာနဲ့ ပတ်သက်ပြီး ဘယ်လိုရိုက်ခတ်မှုတွေရှိလာလဲ။

ဖြေ ။ ဓာတ်ဆီဈေးမှမဟုတ်ဘူး။ ကုန်ဈေးနူန်းတွေအကုန်တက်လာတာ စိတ်ညစ်လို့ သတ်သေချင်စိတ်တွေပါ ဖြစ်တယ်။ ဈေးကလည်း ဒီနေ့တစ်ဈေး၊နောက်နေ့နောက်တစ်ဈေး ဘာစီးပွားရေးမှလုပ်လို့မရဘူး။‌ အခုလူနေမှုဘဝမှာက ဓာတ်ဆီက အရေးပါတယ်။ ဥယျာဉ်ခြံထဲတွေ ဆိုင်ကယ်နဲ့သွားရင် ဆီဖိုးကုန်ပြီ။ ဥယျာဉ်ခြံတွေဆို ဒီဓာတ်ဆီဈေးနဲ့ တောမခုတ်နိုင်ဘူး။ ရိုက်ခတ်မှုတွေက နည်းမျိုးစုံပါပဲ။

DW ။ စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားတာ တစ်လရှိပြီ ဒီထက်ပိုကြာလာရင် ဘယ်လိုအခြေအနေတွေ ရှိလာနိုင်မလဲ။

ဖြေ ။ အကုန်ငတ်ပြီးသေကုန်မယ်ပေါ့။ အနုနည်းနဲ့သတ်နေကြသလိုပါပဲ။ ကျွန်မတို့လည်း တစ်နေ့တစ်နေ့ ဒါပဲတွေးပူပြီး စိတ်ညစ်နေရတယ်။ စားသောက်ကုန်တွေလည်း လိုသလောက်တင်လို့မရသေးဘူး။ စစ်တပ်ဂိတ်တွေက မထင်ရင် မထင်သလို ပစ္စည်းတွေ သိမ်းထားတယ်။ ရေလမ်းကလည်း သယ်မရ။ တစ်ကယ် အသက်ရှင်နေလျက် ခံစားနေရတဲ့ ဘဝငရဲတွေပဲကွယ်။

DW ။ စက်သုံးဆီတွေကို မြိတ်က တင်သွင်းမရဘူးဆိုတော့ ဘယ်နေရာတွေကတင်သွင်းနေလဲ။

ဖြေ ။ အနီးအနားရွာတွေမှာ ဈေးကြီးပေးပြီး ပြန်ဝယ်သုံးနေရတယ်။ ဓာတ်ဆီတွေဆိုတာ လူနေမှုဘဝမှာ အရေးကြီးတဲ့ ကုန်ပစ္စည်းတစ်ခုပဲ။ ဒီထက်ပိုဆိုးလာရင်တော့ ကျွန်မတို့လည်း ရွေးချယ်စရာမရှိ ထမင်းငတ်ကြတော့မယ်။ ရင်ထဲမှာမျိုသိပ်ထားရတွေတအားပဲ။ အခုချိန်မှာက လက်နက်ကိုင်ထားတဲ့ လူအားလုံးကိုကြောက်နေရတယ်။