BREAKING
June 11, 2025

သရက်နှစ်ခွတံတားဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်ပြန်လွတ်

May 24, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ သရက်နှစ်ခွတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး ခံရသည့် သင်းကျွန်းရွာက လူငယ်အမျိုးသားတစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း သင်းကျွန်းရွာမှ ဒေသခံအချို့က ပြောသည်။

မေ ၂၂ ရက်က အသက် ၂၀ ကျော်နှင့် ၃၀ ဝန်းကျင်အရွယ် သင်းကျွန်းရွာဒေသခံ လူငယ်အမျိုးသားသုံးဦး ဆိုင်ကယ်နှစ်စီးဖြင့် ပိန်းတောရွာ မင်္ဂလာဆောင်ကအပြန်တွင် အဆိုပါဂိတ်၌ ရိုက်နှက်စစ်ဆေးခံခဲ့ရသည်။

ဆိုင်ကယ်နှစ်စီးအနက် တစ်စီးတွင် အမျိုးသားနှစ်ဦးအတူ စီးနင်းလာသည်ဆိုပြီး ခေါ်ယူစစ်ဆေးကာ သွေးထွက်သံယို ဖြစ်သည်အထိ ရိုက်နှက်ခဲ့ပြီးနောက် နှစ်ဦးကို လွတ်ပေးကာ အသက် ၃၀အရွယ် ကိုကိုသက်ကိုမူ ဆက်လက်ဖမ်းဆီး ထားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

“သူ့ကို သရက်ချောင်းစခန်းကို ခေါ်သွားတယ်လို့ပြောတယ်။ မနေ့က ပြန်လာတာမှာတော့ သူ့ဘာသူဆိုင်ကယ်စီးပြီး ပြန်လာ တာပဲ။ အခုက ဆေးကုနေရတယ်။ ဆေးဘူးကြီးတွေဘာတွေသွင်းနေရတယ်၊ နားရွက်တွေကိုလည်း ကိုက်ထားတယ်လို့ ပြောတယ်။ သွားနဲ့ကိုက်ထားတဲ့ ဒဏ်ရာတွေတွေ့တယ်တဲ့” ဟု သင်းကျွန်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ကိုကိုသက်ကိုအား ဖုန်းကိုစစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့သည်ဟုသာ ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပြီး ဖမ်းဆီးသည့် အကြောင်းအရင်းနှင့် ပြန်လွှတ်ပေးလိုက်သည့် အကြောင်းအရင်းတို့ကိုမူ တိတိကျကျ မသိရသေးပေ။

စစ်ကောင်စီတပ်၊ ရစခန်း၊ ဂိတ် နှင့် ဌာနဆိုင်ရာရုံး စသည်တို့ကို ဆိုင်ကယ်စီးနင်း အသုံးပြုကာ လာရောက်တိုက်ခိုက်မှုများ မကြာခဏရှိသဖြင့် ထားဝယ်ခရိုင်တွင် ဆိုင်ကယ်တစ်စီးတည်း အမျိုးသားနှစ်ဦးအတူ စီးနင်ခွင့်ပိတ်ပင်ထားသည်။