ရေဖြူမြို့နယ် ပယရွာနှင့် ဇာဒီရွာအကြားတွင်ရှိသည့် ရှားကုန်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် မေလ ၂၄ ရက် ညနေပိုင်းက မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။
ရှားကုန်း စစ်ကောင်စီဂိတ်တွင် ယခုနှစ်ဆန်းကစ၍ စစ်ကောင်စီတပ်သားများ နေထိုင်ခြင်းမပြုတော့ဘဲ ကင်းလှည့်ပတ်ချိန်တွင် လမ်းပိုင်းစစ်ဆေးနိုင်ရန်သာ ယင်းဂိတ်တွင် ယာယီလာရောက်နေထိုင်လေ့ ရှိသည်ဟု ၎င်းတို့ကဆိုသည်။
မီးရှို့ခံရချိန်တွင် စစ်ကောင်စီတပ်သားများ ရှိမရှိကို မသိရဘဲ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုလည်း ယနေ့ မေလ ၂၅ ရက် နေ့လယ်ပိုင်းအထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ပယရွာနှင့် ဇာဒီရွာပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လေ့ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုထံဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် အသေးစိတ် သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း တုံ့ပြန်ဖြေကြားသည်။

ရှားကုန်းဂိတ် မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ကံပေါက်-ပယလမ်းကို ယာယီပိတ်ခဲ့ပြီး ဇာဒီရွာဘက်သို့လည်း လက်နက်ကြီး သုံးချက်ပစ်ခတ်ခဲ့ကြောင်း လမ်းပိုင်းအသုံးပြုသူများနှင့် ဒေသခံများထံမှသိရသည်။
ဇာဒီရွာဘက်သို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အခြေအနေကိုမူ ဇာဒီရွာက ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ရှားကုန်းဂိတ် မီးရှို့ခံရပြီးနောက် ယနေ့ မေလ ၂၅ ရက် တွင် ဇာဒီအုပ်စုဘက်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာခြင်းမျိုးမရှိသလို လမ်းပိုင်းများလည်း ပြန်လည်သွားလာခွင့်ပြုထားသည်ဟု ဇာဒီရွာပတ်ဝန်းကျင် ကျေးရွာများတွင်နေထိုင်သည့် ဒေသခံများထံမှသိရသည်။