ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို ပိတ်ပင်သည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက မေလ ၂၃ ရက်နေ့က ပိတ်ဆို့ဆိုင်းငံ့လိုက်သည်။
ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ဟားဗတ်တက္ကသိုလ်ဘက်မှ တရားစွဲဆိုခဲ့ရာတွင် တရားသူကြီးက ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
အိမ်ဖြူတော်၏ နိုင်ငံရေးအရ ဖိအားပေးတောင်းဆိုမှုကို ဟားဗတ်တက္ကသိုလ်က ဖီဆန်သည့်အပေါ် အမေရိကန်အခြေခံဥပဒေနှင့် ဆန့်ကျင်ကာ လက်တုံ့ပြန်မှုဖြစ်သည်ဟု ထရမ့်အစိုးရကို တက္ကသိုလ်ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသည်။
ယင်းမှာ အမေရိကန်အခြေခံဥပဒေ ပထမပြင်ဆင်ချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု တက္ကသိုလ်ဘက်က သောကြာနေ့က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

“ဖောင်တိန်တစ်ချက် ဆွဲလိုက်ရုံလေးနဲ့ အစိုးရဟာ ဟားဗတ်တက္ကသိုလ်ကျောင်းသားထုရဲ့ လေးပုံတစ်ပုံကို ဖယ်ရှားပစ်ဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်။ နိုင်ငံတကာကျောင်းသားတွေဟာ ဟားဗတ်တက္ကသိုလ်နဲ့ တက္ကသိုလ်ရဲ့ ရည်မှန်းချက်တွေကို သိသိသာသာ ထင်ထင်ရှားရှား အကျိုးပြုနေတာ ဖြစ်တယ်။ နိုင်ငံတကာကျောင်းသားတွေမရှိဘူးဆိုရင် ဟားဗတ်ဟာ ဟားဗတ်မဟုတ်ဘူး” ဟု တက္ကသိုလ်ဘက်က ဆိုသည်။
အမှုစစ်ဆေးနေစဉ်ကာလအတောအတွင်း ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို ပိတ်ဆို့ဆိုင်းငံ့ထားရန် ဖက်ဒရယ်တရားသူကြီး Allison Burroughs က သောကြာနေ့က အမိန့်ချလိုက်သည်။
အိမ်ဖြူတော်ကမူ ဟားဗတ်တက္ကသိုလ်၏ တရားစွဲဆိုမှုမှာ သိမ်ဖျင်းသော လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။
Source: AP ၊ The Guardian