BREAKING
May 24, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

May 24, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မေ ၁၇ ရက်မှ ၂၃ ရက်အထိ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ဘတ် ၁၀ ဘီလီယံ ပေးလျော်ဖို့ အမိန့်ချ

ဓာတ်ပုံ – REUTERS/Athit Perawongmetha

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ကို နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုနဲ့ပက်သပ်လို့ ဘတ် ၁၀ ဘီလီယံကျော် ပေးလျော်ဖို့ ဗဟိုတရားရုံးချုပ်က မေ ၂၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။ 

ယင်လတ်ဝန်ကြီးချုပ်လက်ထက်မှာ ဆန်စပါးကို ဈေးတင်ဝယ်ယူမှုနဲ့ နိုင်ငံခြားတင်ပို့ရောင်းချမှုမှာ ဘတ် ၃၅ ဘီလီယံကျော် အရှုံးပေါ်မှုတွေ ဖြစ်ခဲ့တာပါ။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက တရားလိုလုပ်ပြီး သူ့ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ယင်လတ်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က ထိုင်းနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ညီမဖြစ်သလို လက်ရှိ အာဏာရ ဖွေ့ထိုင်းပါတီအစိုးရ ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ရဲ့ အဒေါ်ဖြစ်သူလည်း ဖြစ်ပါတယ်။

ဒီဆန်စပါးကိစ္စမှာ သူ့သဘောဆန္ဒတခုတည်းနဲ့ လုပ်ခဲ့တာမဟုတ်ဘဲ သူ့တယောက်တည်းကိုသာ ပေးလျော်ဖို့ ဆုံးဖြတ်တာဟာ တရားမျှတမှုမရှိဘူးလို့ ယင်လတ်က ပြန်လည်တုံ့ပြန်ထားပါတယ်။

Ref: Thai PBS

……………………………………..

အမေရိကမှာ လေယာဉ်ငယ်ပျက်ကျမှုကြောင့် ၆ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့မှာ မေ ၂၂ ရက်က အရပ်ဘက် လေယာဉ်ငယ်တစီး ပျက်ကျခဲ့လို့ ၆ ဦး သေဆုံးခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ဂီတအနုပညာတွေအပါအဝင် ၆ ဦး လိုက်ပါလာပြီး အားလုံး သေဆုံးသွားပြီလို့ အတည်ပြုထားပါတယ်။ ဒါပေမယ့်လည်း သေဆုံးသူအရေအတွက်ကို တိတိကျကျ မထုတ်ပြန်သေးပါဘူး။

လေယာဉ်ပျက်ကျမှုကြောင့် နေအိမ်တစ်လုံးနဲ့ မော်တော်ကား အများအပြား မီးလောင်ခဲ့တာပါ။ 

မြေပြင်ပေါ်က လူ ၈ ဦးလောက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲက တစ်ဦးကို ဆေးရုံတင်ထားရတယ်လို့ ထုတ်ပြန်ပါတယ်။

ပျက်ကျတဲ့ နေရာအနီးက ဒေသခံတွေကို နေအိမ်တွေကနေ အခြားနေရာများကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

လေယာဉ်ငယ်ပျက်ကျရတဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားထားတာမျိုး မရှိသေးပါဘူး။

Ref: BBC

……………………………………..

မြောက်ကိုးရီးယား စစ်သင်္ဘော ရေချချိန် ပျက်စီးလို့ စုံစမ်းစစ်ဆေးခံနေရ

မြောက်ကိုရီးယားနိုင်ငံက စစ်သင်္ဘောသစ် ရေချပွဲမှာ မတော်တဆဖြစ်ပြီး ပျက်စီးသွားတာနဲ့ ပက်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စနေပြီလို့ နိုင်ငံပိုင်သတင်းဌာနတွေက ဖော်ပြပါတယ်။

မေ ၂၁ ရက်က နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ချုံးဂျင်းသင်္ဘောကျင်းမှာ တန်ချိန် ၅၀၀၀ ရှိ စစ်သင်္ဘောကို ရေထဲ စတင်ချနေချိန်မှာ မတော်တဆ ပျက်စီးသွားခဲ့တာပါ။

စစ်သင်္ဘောရဲ့ အောက်ခြေအပိုင်းတွေ ကြေမွသွားတာ ဖြစ်ပါတယ်။

သင်္ဘောပျက်စီးခဲ့လို့ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက စိတ်ဆိုးဒေါသထွက်နေတယ်လို့ သိရပါတယ်။

မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် သေဆုံးသူ မရှိခဲ့ပါဘူး။

မတော်တဆမှုမှာ တာဝန်ရှိသူတွေဖြစ်တဲ့ ချုံးဂျင်း သင်္ဘောကျင်းက မန်နေဂျာ တစ်ဦးကို မေ ၂၂ ရက်က တရားဥပဒေစိုးမိုးရေးအဖွဲ့ဆီကို ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

Ref: The Guardian

……………………………………..

ဂရိမှာ ပြင်းအားမြင့် ငလျင်လှုပ်

ဂရိကျွန်းအနီးက ပင်လယ်ပြင်မှာ မေ ၂၂ ရက်က အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်တုန်ခါမှုကို တူရကီနဲ့ အစ္စရေးနိုင်ငံတဝန်းမှာလည်း ခံစားခဲ့ကြရတာပါ။

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ငလျင်ကြောင့် ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်ရုတ်သိမ်းခဲ့ပါတယ်။

ဂရိနိုင်ငံဟာ ဥရောပရဲ့ ငလျင်လှုပ်ခတ်မှုအများဆုံး နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တွေကလည်း ဆန်တိုရီနီ ခရီးသွားကျွန်းစုမှာ ငလျင်လှုပ်ခတ်ခဲ့လို့ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရကာ စာသင်ကျောင်းတွေ ပိတ်ပစ်ခဲ့ရပါသေးတယ်။

Ref: Daily Mail

……………………………………..

တောင်အာဖရိကမှာ လူဖြူမျိုးတုံးအောင် လုပ်နေတယ်လို့ သမ္မတ ထရမ့်ဆို

တောင်အာဖရိကနိုင်ငံမှာ လူဖြူတွေကို မျိုးတုံးအောင်လုပ်မှုနဲ့ ဝိုင်းဝန်းဖိနှိပ်မှုတွေ ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်အာဖရိကသမ္မတ ဆိုင်ရီးလ် ရာမာဖိုဆာကို ပြောဆိုလိုက်ပါတယ်။

မေ ၂၁ ရက်က အိမ်ဖြူတော်မှာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့တဲ့အချိန် ပြောကြားခဲ့တာပါ။

တောင်အာဖရိကမှာ လူဖြူတွေကို လူမျိုးတုံးရှင်းလင်းနေတယ်ဆိုတဲ့ အယူအဆကို ထရမ့်ကနေ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီအယူအဆကို တောင်အာဖရိကမှာ မွေးတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ကလည်း ထောက်ခံထားပါသေးတယ်။

ပြီးခဲ့တဲ့ အပတ်တွေကလည်း တောင်အာဖရိကက လူဖြူတွေကို အမေရိကန်က ခိုလှုံခွင့်ပေးခဲ့ပါသေးတယ်။

ယခုလို့ သမ္မတ ထရမ့်ပြောဆိုမှုနဲ့ ပက်သက်လို့ တောင်အာဖရိက နိုင်ငံသားများက လက်မခံကြောင်းနဲ့ စိတ်ပျက်ကြောင်း ပြောကြားထားကြပါတယ်။

Ref: DW

……………………………………..

ဆန်ဝယ်ရန် မလိုကြောင်း ပြောတဲ့ ဂျပန်စိုက်ပျိုးရေးဝန်ကြီး ရာထူးက နုတ်ထွက်

ထောက်ခံသူတွေက ဆန်တွေ ပေးထားလို့ ဘယ်တုန်းကမှ ဆန်ဝယ်စားဖို့ မလိုခဲ့ဘူးလို့ ဆိုခဲ့တဲ့ ဂျပန် စိုက်ပျိုးရေးဝန်ကြီးဟာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ လူနေမှုစရိတ်ကြီးမြင့်မှု ပြဿနာနဲ့ ရင်ဆိုင်နေရပြိး အထူးသဖြင့် ဆန်စျေးမြင့်တက်မှုနဲ့ ကြုံတွေ့နေရတာပါ။

ဂျပန်မှာ မနှစ်က ဆန်စျေးဟာ ၂ ဆကျော် မြင့်တက်ခဲ့ပါတယ်။

ဒီအချိန်မှာ ဝန်ကြီး အီတိုက နောက်ပြောင် ပြောခဲ့တဲ့ စကားအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး မေလ ၂၁ ရက်နေ့မှာ ရာထူးကပါ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

နုတ်မထွက်ရင် အယုံအကြည်မရှိအဆို တင်သွင်းပြီး ဖြုတ်ချမယ်လို့ အတိုက်အခံပါတီတွေက ခြိမ်းခြောက်ထားတာလည်း ဖြစ်ပါတယ်။

Ref: BBC

……………………………………..

Miss Grand International ဆုရှင် ဗီယက်နမ်အလှမယ် ဖမ်းဆီးခံရ

Miss Grand International ၂၀၂၁ ဆုရှင် ဗီယက်နမ်အလှမယ် Nguyen Thuc Thuy Tien ဟာ ဂျယ်လီအရောင်းမြှင့်တင်ပေးပြီးတဲ့နောက်မှာ စားသုံးသူတွေကို လိမ်လည်မှုနဲ့ ဗီယက်နမ်အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့ပါတယ်။

သူဟာ သူ့ရဲ့လူမှုကွန်ယက်အကောင့်တွေမှာ အမျှင်ဓာတ်ကြွယ်ဝမှုများတယ်လို့ ပြောပြီး အဲ့ဒီ Supplement ဂျယ်လီတွေကို ကြော်ငြာပေးခဲ့တာပါ။ 

ဒါပေမဲ့ အဲ့ဒီထုတ်ကုန်ကို စစ်ဆေးခဲ့ပြီး မမှန်ကန်ဘူးဆိုတာ ထုတ်ဖော်ခံရပြီးတဲ့နောက် လူအများရဲ့တုန့်ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဂျယ်လီတွေက ဟင်းသီးဟင်းရွက်တစ်ပန်းကန်နဲ့ ညီမျှတဲ့ အမျှင်ဓာတ်ပါဝင်တယ်လို့ ဆိုထားတာပါ။

ဓာတ်ခွဲခန်းတစ်ခုကို ပေးပို့စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ ဂျယ်လီတစ်လုံးစီမှာ ပြောထားတဲ့ ၂၀၀ မီလီဂရမ်ထက်ပိုနည်းတဲ့ အမျှင်ဓာတ် ၁၆ မီလီဂရမ်ပဲပါဝင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ဂျယ်လီထုတ်လုပ်သူတွေနဲ့ ကြေညာပေးသူတွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီးနောက် မေလ ၁၉ ရက်နေ့မှာတော့ အလှမယ် Nguyen ကို စားသုံးသူတွေကို လိမ်လည်မှုနဲ့ ဖမ်းဆီးခံရပါတယ်။

Ref: BBC

……………………………………..