တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့က ပြောသည်။
ဧပြီလ ၂၃ရက် နံနက်စောစောတွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၆၁ အနီးရှိ တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း အသက် ၂၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အပြန်အလှန်ပစ်ခတ်မှုက ဆယ်မိနစ်ကြာဖြစ်တယ်။ သေနတ်ငယ်ပဲ သူတို့ဘက်က ပြန်ပစ်ကြတယ်။ အသေအပျောက် ရှိတယ်။ စုံစမ်းနေဆဲပါ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“စောစောက ကျွန်မတို့က ရွာထဲခဏပြန်သွားတာ ရွာနဲ့ မနီးမဝေးမှာ သေနတ်သံတွေကြားရတယ်။ သေနတ်သံ ငြိမ်ပြီး နောက်တော့ တပ်ထဲကိုလည်း စစ်သား (ဒဏ်ရာရသူတွေ) အနာတွေ ပြန်သယ်လာကြတာ တွေ့ရတယ်” ဟု ပစ်ခတ်မှု ဖြစ်ပြီးနောက်အခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။
ဧပြီလ ၂၀ ရက်ကလည်း အဆိုပါတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။