ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကုန်စျေးနှုန်းတက်နေ၍ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းပေးမည်ဟု ထိုင်းအစိုးရဆို

March 24, 2026

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာမှုကြောင့် နိုင်ငံအတွင်း လောင်စာဆီနှင့် စားသောက်ကုန်အချို့ ဈေးတက်နေချိန် ထိုင်းနိုင်ငံတွင် တန်ဖိုးသင့် စားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများကို လာမည့် ဧပြီလနှင့် မေလအတွင်း ဖြန့်ချိရောင်းချပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာသည်။

ယနေ့ မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော လောင်စာဆီ၊ စွမ်းအင်နှင့် စားသောက်ကုန်များ ဈေးနှုန်းထိန်းညှိရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့အတည်ပြုကြေညာခြင်းဖြစ်သည်။

ပြည်သူများ တတ်နိုင်သော တန်ဖိုးသင့် စားသောက်ကုန်နှင့် အိမ်သုံးပစ္စည်းများကို “Thai Helping Thai” ဟူသော စီမံချက်ဖြင့် တစ်နိုင်ငံလုံးရှိ ခရိုင်အားလုံးကို လာမည့် ဧပြီလနှင့် မေလအတွင်း ဖြန့်ချိပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဆန်၊ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ဆီ၊ ငံပြာရည်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာနှင့် သွားတိုက်ဆေးကဲ့သို့ အဓိကစားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ရောင်းချပေးမည်ဟုဆိုသည်။

ပစ္စည်းများအားလုံးကို ခရိုင် ၇၇ ခရိုင်ရှိ လက်လီ၊ လက်ကားရောင်းချသော ဆိုင်များအားလုံးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

ရေသန့်ဘူးခွံကဲ့သို့ ပလပ်စတစ်ပစ္စည်းများကိုလည်း ဈေးနှုန်းထိန်းညှိနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နောက်ထပ် “Blue Flag” စီမံချက်အောက်က ဈေးနှုန်းသင့် ကုန်ပစ္စည်းများကိုလည်း မတ်လမှ ဩဂုတ်လအထိ ထုတ်လုပ်ဖြန့်ချိပေးမည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း ကုန်ပစ္စည်းအမျိုးအစားများကိုမူ ဖော်ပြထားခြင်းမရှိပေ။

ဆန်၊ ပြောင်း၊ ပီလောပီနံနှင့် ဆီသီးကဲ့သို့ စိုက်ပျိုးရေးသမားများအတွက်လည်း “Green Flag Plus” စီမံချက်အောက်က ဓါတ်မြေဩဇာဈေးနှုန်းများကို လျှော့ချပေးရန် လာမည့် မေလမှ ဇူလိုင်လအတွင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းသည် မူလဈေးနှုန်းထက် ၅ ဘတ်ကျော်အထိ ဈေးတက်လာပြီး ဓါတ်ဆီ 91 နှင့် 95 တစ်လီတာလျှင် ၃၅ ဘတ် ကျော်လာပြီဖြစ်သလို ဘီယာ၊ ကြက်ဥနှင့် အခြားစားသောက်ကုန်အချို့လည်း ဈေးတက်လာနေသည်။

Ref: PR Government