အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကိုသာ အမေရိကန်က တိုက်ခိုက်မှု ဆိုင်းငံ့ထားမည်ဖြစ်ပြီး အခြားတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးကို ကိုးကား၍ Semafor သတင်းဌာနက ဖော်ပြသည်။
အမည်မဖော်လိုသည့် အီရန်အရာရှိများနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ရှိခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောထားချိန်တွင် အဆိုပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်အနေဖြင့် အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကိုသာ တိုက်ခိုက်မှုဆိုင်းငံ့ထားမည် ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက Semafor သတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။
“ တိုက်ခိုက်မှု ငါးရက်တာ ရပ်ဆိုင်းတယ်ဆိုတာက အီရန်ရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံနေရာတွေအပေါ် တိုက်ခိုက်မှုကို ရပ်ဆိုင်းတာ ဖြစ်ပါတယ်” ဟု အဆိုပါအမေရိကန်အရာရှိက Semafor သတင်းဌာနကို ပြောကြားခဲ့သည်။
“(အီရန်ရဲ့) စစ်ဘက်ဆိုင်ရာနေရာတွေ ၊ ရေတပ်နဲ့ ပဲ့ထိန်းဒုံးတွေ ၊ ကာကွယ်ရေးစက်မှုဇုန်တွေကို တိုက်ခိုက်တာတွေကတော့ ရပ်ဆိုင်းမှာ မဟုတ်ပါဘူး။ Epic Fury စစ်ဆင်ရေးရဲ့ အစောပိုင်းလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ချက်ချင်းအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တနင်္လာနေ့က ဆိုသည်။
အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဆိုခြင်းကို အီရန်ဘက်က ငြင်းဆိုထားသည်။
Source: Semafor ၊ Reuters







