မြန်မာ့ဘောလုံးပရိသတ်တွေအားလုံးအတွက် တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ သတင်းတစ်ခုကို ပြောပြရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ မြန်မာ့ဘောလုံးငွေခေတ်ရဲ့ ကွင်းလယ်ကြယ်ပွင့် ဦးတင်မြင့်အောင် ကွယ်သွားခဲ့တဲ့သတင်းပါပဲ။ လူငယ်မျိုးဆက်သစ်ကစားသမားတွေ လေးစားအားကျခဲ့ရတဲ့၊ မြန်မာ့ဘောလုံးလောကမှာ ကစားသမားဘဝရော နည်းပြဘဝမှာပါ အောင်မြင်မှုတွေ အလီလီသိမ်းပိုက်ခဲ့တဲ့ “ငွေခေတ်ရဲ့ ကွင်းလယ်ဖန်တီးရှင်” ဦးတင်မြင့်အောင် ဟာ ဒီနေ့ မတ်လ ၂၃ ရက် မနက် ၁၁ နာရီ မိနစ် ၅၀ အချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်က ခြေလှမ်းများမှသည် ဂုဏ်ဆောင်ငွေတံဆိပ်ဆုဆီသို့
ဦးတင်မြင့်အောင်လို့ ပြောလိုက်ရင် ဘောလုံးပရိသတ်တွေရဲ့မျက်စိထဲမှာ အရင်ဆုံး မြင်ယောင်လာမှာက ၁၉၉၃ စင်ကာပူဆီးဂိမ်းစ်မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ “ငွေတံဆိပ်” ဆွတ်ခူးနိုင်ခဲ့တဲ့ ပုံရိပ်တွေပါပဲ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် လက်ရွေးစင်အင်္ကျီကို ဝတ်ဆင်ပြီး နိုင်ငံအတွက် အစွမ်းကုန် အလုပ်အကျွေးပြုခဲ့သူဟာ ဦးတင်မြင့်အောင် ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ ကစားသမားဘဝဟာ တက္ကသိုလ်လက်ရွေးစင်အဆင့်ကနေ စတင်ခဲ့ပြီး ပြည်တွင်းမှာတော့ ဘဏ္ဍာ/အခွန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ချန်ပီယံဆုတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။ ဒါတင် မကသေးပါဘူး၊ မလေးရှားကလပ် Armed Forces FC မှာ သွားရောက်ကစားခဲ့တဲ့အထိ ပြည်ပအတွေ့အကြုံရှိတဲ့ ဝါရင့်ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ “အကောင်းဆုံးကစားသမားဆု” ရရှိခဲ့တာက သူ့ရဲ့ အရည်အချင်းကို သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။
ကွင်းဘေးက ဗျူဟာမှူးကြီး
ကစားသမားဘဝကနေ အနားယူပြီးနောက်မှာလည်း ဦးတင်မြင့်အောင်ဟာ ဘောလုံးလောကကို ကျောခိုင်း မသွားခဲ့ပါဘူး။ ၂၀၀၂ ခုနှစ်ကစလို့ နည်းပြလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ သူဟာ ထူးခြားတဲ့ စံချိန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒါကတော့ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းရော၊ အမျိုးသမီးအသင်းကိုပါ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ရှားရှားပါးပါး နည်းပြတစ်ဦး ဖြစ်နေတာပါပဲ။
ဒါ့အပြင် ဧရာဝတီယူနိုက်တက်နဲ့ ယူ-၂၃ အသင်းတွေကိုလည်း ဦးဆောင်ခဲ့သလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ နည်းစနစ်ဒါရိုက်တာနဲ့ အလုပ်အမှုဆောင် တာဝန်တွေကိုပါ ထမ်းဆောင်ပြီး လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့ နောက်ကွယ်ကနေ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သူဟာလည်း ဦးတင်မြင့်အောင် ပါပဲ။ သူ့ရဲ့ မဆုတ်မနစ်တဲ့ ကြိုးပမ်းမှုတွေကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ MFF Service Award ကို ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
နှုတ်ဆက်ခြင်းနှင့် ကျန်ရစ်သော အမွေအနှစ်
ဒီနေ့မှာတော့ အသက် ၅၉ နှစ်အရွယ် ဦးတင်မြင့်အောင် ဟာ ၉၆ ပါးသော ရောဂါဝေဒနာနဲ့ အားလုံးကို ခွဲခွာသွားခဲ့ပါပြီ။ ဦးတင်မြင့်အောင် ကွယ်လွန်သွားတာဟာ မိသားစုအတွက်သာမက မြန်မာ့ဘောလုံးလောက တစ်ခုလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။
သူ့ရဲ့ ကွင်းလယ်က ပါးနပ်တဲ့ ကစားကွက်တွေ၊ နည်းပြဘဝက ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မြန်မာ့ဘောလုံး တိုးတက်ဖို့အတွက် သူချန်ထားခဲ့တဲ့ လမ်းပြမြေပုံတွေဟာ နောက်မျိုးဆက်တွေအတွက် အမြဲတမ်း သင်ခန်းစာကောင်းတွေ ဖြစ်နေမှာပါ။
“သူရဲကောင်းတွေ ကွယ်လွန်သွားပေမဲ့ သူတို့ရဲ့ သမိုင်းကြောင်းကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး”ဆိုတဲ့စကားသံကိုပဲ ကြားယောင်နေမိပါတော့တယ်။







