ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ခရိုင်တွင် စက်သုံးဆီတစ်လီတာ ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်

March 24, 2026

ထားဝယ်ခရိုင်တွင် စက်သုံးဆီပိုမိုရှားပါးလာသည်နှင့်အမျှ စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်သောင်းဂဏန်းအထိ စံချိန်တင်မြင့်တက်လျက်ရှိသည်။

ထားဝယ်မြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် တစ်လီတာလျှင် ကျပ် ၄,၀၀၀ နီးပါးဖြင့် ရောင်းချပေးနေသည်ဆိုသော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးခြင်းကြောင့် အများစုမှာ မှောင်ခိုဈေးကွက်ကို အားကိုးနေကြရသည်။

ထားဝယ်မြို့ မှောင်ခိုဈေးကွက်တွင် တစ်လီတာလျှင် ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

“ကိုယ်တိုင်ကတော့ တစ်သောင်းနဲ့ ဝယ်ဖူးတယ်။ ဒီနေ့ စုံစမ်းကြည့်တော့ နှစ်သောင်းဆိုပြီး ပြောနေတာတော့ ရှိတယ်။ သွားတော့ မဝယ်ရသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

နယ်ကျေးရွာများတွင်လည်း တစ်လီတာလျှင် ကျပ်တစ်သောင်းအထက် ရောက်ရှိနေကြောင်း သိရသည်။ “အနည်းဆုံးကတော့ ကိုးထောင်ကျပ်ပဲ။ တော်တော်များများကတော့ တစ်သောင်း၊ တစ်သောင်းနှစ်ထောင်တွေ ဖြစ်ကုန်ပြီ” ဟု လောင်းလုံးမြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။

ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီများကို မတ်လ ၂၀ ရက်က တိုင်းစစ်ကော်မရှင်က ဝင်ရောက်စစ်ဆေးပြီး အကန့်အသတ်ဖြင့်ရောင်းချရန် ဖိအားပေးခဲ့ပြီးနောက် စက်သုံးဆီဝယ်ယူရ ပိုမိုခက်ခဲသွားပြီး ဈေးနှုန်းထိုးတက်သွားခြင်းဖြစ်သည်။

နယ်ကျေးရွာများသို့ စက်သုံးဆီဖြန့်ဖြူးနေသူတစ်ဦးကမူ ကမ်းနားလမ်းရှိ ကုမ္ပဏီများက အရောင်းရပ်နားလိုက်သဖြင့် နယ်များသို့ ဆီမရောင်းချပေးနိုင်တော့ကြောင်း ပြောသည်။

“အဓိကက နယ်တွေကို ရောင်းပေးဖို့ မရှိတော့တာ။ ငါးဖမ်းလှေတွေကိုပဲ ရှိတဲ့အထဲက နည်းနည်းပါးပါး ရောင်းပေးနိုင်တော့တယ်” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်သောင်းဂဏန်းအထိ မြင့်တက်သွားသော်လည်း အလုံအလောက် ဝယ်ယူ၍မရကြပေ။

လတ်တလောတွင် နယ်ကျေးရွာမှ မြို့ပေါ်သို့ ပြေးဆွဲနေသည့် သုံးဘီးဆိုင်ကယ် ခရီးစဉ်ခများမှာလည်း နှစ်ဆကျော် မြင့်တက်သွားသည်။ ယခင်က မိုင် ၃၀ ကျော် အကွာအဝေးကို ကျပ်သုံးသောင်းသာ ပေးရသော်လည်း လက်ရှိတွင် ကျပ်ခုနစ်သောင်းအထိ ရှိလာကြောင်း ယာဉ်မောင်းများက ပြောသည်။

“ထားဝယ်မှာ ဆေးခန်းတစ်ခါသွားပြရင်တောင် ခရီးစရိတ်တစ်ခုတည်းကို တစ်သိန်းလောက်ကုန်တယ်။ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်သွားဖို့က ဆီမရှိတော့ ဒီလိုပဲ ငှားသွားနေရတယ်” ဟု လောင်းလုံးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

စက်သုံးဆီဝယ်ယူရခက်ခဲခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ထားဝယ်မြို့ပေါ်တွင် ယနေ့မှစတင်ကာ ဆိုင်ကယ်နှင့် မော်တော်ယာဉ် အသွားအလာ သိသိသာသာ နည်းပါးသွားကြောင်း မြို့ခံများက ဆိုသည်။

ယင်းအပြင် စစ်အာဏာရှင်တပ်သည် စက်သုံးဆီရောင်းချသူများကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ မတ်လ ၁၆ ရက်က လောင်းလုံးမြို့ပေါ်တွင် စက်သုံးဆီရောင်းချနေသူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ စက်သုံးဆီ ၅ ပီပါနှင့် ဘိလပ်မြေ အိတ် ၅၀ တို့ကို သိမ်းဆည်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။