ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ၊ ဇာဒီရွာမှ စစ်ရှောင်များ ရွာပြန်နေထိုင်ကြရန် စစ်အာဏာရှင်တပ် ဖိအားပေး

March 24, 2026

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ဇာဒီရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်လည်နေထိုင်ကြရန် စစ်အာဏာရှင်တပ်က ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ကံပေါက်-ဇာဒီလမ်းပိုင်းရှိ ပုယရွာ စစ်ဆေးရေးဂိတ်မှ စစ်အာဏာရှင်တပ်သားများက ဆေးခန်းပြပြီးပြန်လာသော ကျေးရွာမှ ဆရာတော်တစ်ပါးကို ဒေသခံများ နေရပ်ပြန်နေရန်အတွက် လက်မှတ်လာထိုးကြရန် မတ်လ ၁၈ ရက်က မှာကြားလိုက်ကြောင်း ၎င်းတို့ကဆိုသည်။

“အိမ်ထောင်စု ၁၅၀ ပြန်လာနေမယ်ဆိုရင် လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းပြန်ပေးမယ်လို့ ပြောတယ်။ ရွှေ့ပြောင်းနေရသူတွေ ကြာတော့လည်း မလွယ်ဘူးလေ။ သွားထိုးတဲ့လူတွေလည်း ရှိတယ်။ ဒါပေမဲ့ အများစုကတော့ သွားမထိုးရဲကြဘူး။ သွားထိုးပြီးမှ စစ်မှုထမ်းဖို့ လူစာရင်းပေးသလို ဖြစ်မှာကိုလည်း ကြောက်နေကြတယ်” ဟု ဇာဒီရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ဇာဒီကျေးရွာအုပ်စုတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁,၃၀၀ ကျော်ရှိပြီး၊ အာဏာသိမ်းပြီးနောက် ပြန်လည်ကောက်ယူသည့် သန်းခေါင်စာရင်းတွင်မူ ဇာဒီရွာမှာ စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့သည့် ကျေးရွာအုပ်စု ဖြစ်သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ကံပေါက် ရေကန်တောင်တိုက်ပွဲနောက်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဇာဒီရွာကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် လမ်းတံတားများကို မြေတူးစက်များဖြင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဇာဒီရွာဘက်သို့ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသဖြင့် တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့သည့်အပြင်၊ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရွာသားအချို့ သတ်ဖြတ်ခံရမှုများကြောင့် ရွာလုံးကျွတ်နီးပါး စစ်ဘေးရှောင်ခဲ့ရသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။

ယင်းကာလအတွင်း စစ်အာဏာရှင်တပ်က ဇာဒီကျေးရွာအုပ်စုကို လျှပ်စစ်မီး ဖြတ်တောက်လိုက်သဖြင့် ဖုန်းတာဝါတိုင်များ အလုပ်မလုပ်နိုင်တော့ဘဲ အင်တာနက်လိုင်းများပါ ပြတ်တောက်ခဲ့ရသည်။

စစ်အာဏာရှင်တပ်က ကျင်းပသည့် ရွေးကောက်ပွဲကာလနောက်ပိုင်း ဇာဒီရွာတွင် စစ်ကြောင်းထိုးခြင်းနှင့် တိုက်ပွဲများ မရှိတော့သော်လည်း၊ ဇာဒီချောင်းဝတွင် ရေတပ်သင်္ဘောနှင့် ဒရုန်းများဖြင့် ကင်းထောက်ခြင်းကို နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ဇာဒီကျေးရွာအုပ်စုတွင် ဇာဒီ၊ ဒိုက်တကော်၊ ခေါင်ပြန်၊ ကျောက်ထရံ၊ ထွက်ဝနှင့် ခွေးမဖော ကျေးရွာများ ပါဝင်ပြီး၊ ဇာဒီရွာတွင် သံဃာတော်များမှအပ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရကာ ကျန်ကျေးရွာများတွင်မူ ပြန်လည်နေထိုင်သူ အနည်းငယ်စီ ရှိသည်။

စစ်ဘေးရှောင်နေစဉ် ကျေးရွာအတွင်းရှိ ဥယျာဉ်ခြံများကို နေ့ဘက်တွင် ပြန်လည်လုပ်ကိုင်သူများ ရှိသော်လည်း၊ ခြံများ၏ ၇၅ ရာခိုင်နှုန်းခန့်မှာ မြေမြုပ်မိုင်းအန္တရာယ်နှင့် စစ်ကြောင်းထိုးမှုများကြောင့် ပြန်လည်မလုပ်ကိုင်နိုင်ကြသေးကြောင်း သိရသည်။

“ရော်ဘာပြန်ခြစ်နေတာက စားသောက်ဖို့ရရုံလောက်ပဲ ရှိတယ်။ ရော်ဘာပြား လာဝယ်ပေးတဲ့သူတော့ ရှိတယ်။ အခုက ဆီပြတ်တာနဲ့ ပိုပြီးတိုင်ပတ်နေတယ်။ ဓာတ်မြေသြဇာနဲ့ ခြံပစ္စည်းတွေကို ဂိတ်တွေမှာ ပေးလိုက်ကမ်းလိုက်၊ ပိတ်လိုက်ဖွင့်လိုက်နဲ့ သယ်နေရတယ်” ဟု ဇာဒီရွာမှ ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သည် ဇာဒီကျေးရွာအုပ်စုတွင် နဘုလယ်ဒေသနှင့် ဆက်သွယ်ထားသော လမ်းပိုင်းနေရာ ငါးခုထက်မနည်း ဖြတ်တောက်ထားသည့်အပြင်၊ ကံပေါက်ရွာနှင့် လမ်းပိုင်းတွင်လည်း စစ်ဆေးရေးဂိတ်နှစ်ခုဖွင့်လှစ်ကာ အစစ်အဆေး တင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။