ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် မတ်လ ၂၃ ရက်က ဆီထည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦး မူးမေ့လဲကျခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။
မတ်လ ၂၃ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲလမ်းဆုံရှိ Petro Green စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် မော်တော်ဆိုင်ကယ်ဖြင့် တန်းစီစောင့်ဆိုင်းနေသော အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ မေ့လဲကျသွားခြင်းဖြစ်သည်။
“မနေ့က ညနေပိုင်းမှ ဆီစရောင်းတော့ လူတွေက မွန်းလွဲ ၂ နာရီလောက်ကတည်းက တန်းစီစောင့်နေကြတယ်။ လူနာက မေ့လဲသွားတာပေါ့နော်၊ အရေးပေါ်ကားနဲ့ လာတင်သွားတယ်” ဟု အထက်ပါ မြို့ခံအမျိုးသားက ဆိုသည်။
ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်းကလည်း ထားဝယ်မြို့၊ ကမြောကင်းလမ်းရှိ DDPC စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် အမျိုးသမီးကြီးတစ်ဦး မူးမေ့လဲကျခဲ့သေးသည်။
အလားတူ မတ်လ ၄ ရက်ကလည်း သရက်ချောင်းမြို့ပေါ်ရှိ Petro Green စက်သုံးဆီဆိုင်တွင် ဆီတန်းစီနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မူးမေ့လဲကျခဲ့သည်။
စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် အချိုးကျဝယ်ယူနိုင်ရေးအတွက်ဟုဆိုကာ စစ်ကောင်စီက ယနေ့ မတ်လ ၂၄ ရက်မှစတင်၍ မော်တော်ယာဉ်အမျိုးအစားအလိုက် အချိန်သတ်မှတ်ကာ ဆီရောင်းချပေးရန် ညွှန်ကြားထားသည်။
ယင်းညွှန်ကြားချက်အရ နံနက် ၆ နာရီခွဲမှ ၈ နာရီအထိ သုံးဘီးဆိုင်ကယ်များ၊ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ မော်တော်ဆိုင်ကယ်များ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ မော်တော်ယာဉ်များနှင့် ညနေ ၄ နာရီမှ ၅ နာရီအထိ ဌာနဆိုင်ရာအမည်ပေါက် ယာဉ်များကို ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
ထားဝယ်မြို့ရှိ ဆီဆိုင်များတွင် ယနေ့နံနက်ပိုင်းမှစ၍ သတ်မှတ်ချိန်အတိုင်း ရောင်းချပေးနေသော်လည်း များပြားသည့် လူဦးရေကြောင့် တန်းစီဝယ်ယူနေရဆဲဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ဆီသွားရောက်ဝယ်ယူခဲ့သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုက ဆိုင်ကယ်ဆို ဆိုင်ကယ်သီးသန့် ဖြစ်သွားတော့ လူများပေမဲ့လည်း မြန်တယ်၊ သူ့အချိန်နဲ့သူ ဖြစ်သွားတော့လေ။ ဆိုင်ကယ်ရောင်းနေတဲ့အချိန်မှာ ကားလာတန်းစီနေတာမျိုး မရှိတော့ဘူး။ ဒါပေမဲ့ သတ်မှတ်ချိန်နီးလာရင်တော့ လာတန်းစီကြမှာပေါ့” ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် လူအမြောက်အများ တန်းစီဝယ်ယူနေရခြင်းနှင့် ပြင်းထန်သည့် အပူရှိန်ကြောင့် မူးမေ့လဲကျသူ ခပ်စိပ်စိပ် ရှိလာနေသဖြင့် ယနေ့ (မတ် ၂၄) မှစတင်ကာ လူစုလူဝေးများသည့် ဆီဆိုင်များအနီးတွင် အရေးပေါ်လူနာတင်ယာဉ်များ ထားရှိပေးရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။
နွေရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူဒဏ်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် မဖြစ်မနေ ခရီးသွားရန်ရှိပါက ထီး၊ ဦးထုပ်များ ဆောင်းရန်၊ တတ်နိုင်သမျှ အရိပ်ရသောနေရာများတွင် နေထိုင်ရန်၊ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် အရောင်ဖျော့ပြီး ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ရန်နှင့် ရေများများသောက်ရန်တို့ကို အပူဒဏ်ကာကွယ်ရေး တိုက်တွန်းနှိုးဆော်ထားသည်။







