အမေရိကန်နှင့် ဆွေးနွေးနေခြင်း မရှိကြောင်း အီရန်ဘက်က မတ်လ ၂၃ ရက်နေ့တွင် ငြင်းဆိုပြောကြားလိုက်သည်။
အမည်မဖော်လိုသည့် အီရန်အရာရှိများနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ရှိခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက် အီရန်ဘက်က ယင်းသို့ ပြောဆိုလာခြင်း ဖြစ်သည်။
အီရန်နှင့် ဆွေးနွေးနေသည်ဟုဆိုကာ သမ္မတထရမ့်က အီရန်၏ လျှပ်စစ်အခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှုကို ဆိုင်းငံ့ထားသည်။
အမေရိကန်နှင့် အီရန်အကြား တိုက်ရိုက်ဆွေးနွေးမှုမျိုး မရှိသေးသော်လည်း အီဂျစ်၊ ပါကစ္စတန်နှင့် ပင်လယ်ကွေ့နိုင်ငံများကတစ်ဆင့် နှစ်ဘက်သတင်းစကားများ ဖလှယ်လျက်ရှိကြောင်း ဥရောပအရာရှိတစ်ဦးက ဆိုသည်။
ယင်းအပြင် စစ်ပွဲအဆုံးသတ်ရေးအတွက် တိုက်ရိုက်ဆွေးနွေးမှုများကို ယခု သီတင်းပတ်အတွင်း ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့၌ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ပါကစ္စတန်အရာရှိတစ်ဦးနှင့် အခြားသတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကို အလုံးစုံ အပြီးတိုင်ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်နှင့် အီရန်အကြား အလွန်ကောင်းမွန်ပြီး အကျိုးရှိသည့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
ယင်းသို့ ဆွေးနွေးမှုအခြေအနေများကြောင့် အီရန်၏ လျှပ်စစ်အခြေခံအဆောက်အအုံကို တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ဆိုင်းငံ့ထားကြောင်း ၎င်းကပြောသည်။
သမ္မတထရမ့်၏ အဆိုပါ ထုတ်ပြန်ချက်ကြောင့် ရှယ်ယာစျေးနှုန်းများ မြင့်တက်လာပြီး ရေနံစျေးမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းခဲ့သည်။
အမေရိကန်နှင့် အဆိုပါ ဆွေးနွေးမှုမျိုး လုံးဝမရှိခဲ့ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကေးလ် ကာလီဘတ်ဖ်က X လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။
ထရမ့်၏ အဆိုပါ ပြောဆိုချက်များသည် ငွေကြေးစျေးကွက်ကို ကစားရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ၎င်းက လှောင်ပြောင်ပြောဆိုခဲ့သည်။
“အမေရိကန်နဲ့ ဘယ်လိုဆွေးနွေးမှုမျိုးမှ မလုပ်ခဲ့ပါဘူး။ ဒါဟာ ငွေကြေးဈေးကွက်နဲ့ ရေနံဈေးကွက်ကို ခြယ်လှယ်ဖို့ ၊ အမေရိကန်နဲ့ အစ္စရေးတို့ ပိတ်မိနေတဲ့ ရွှံ့နွံထဲကနေ ရုန်းထွက်ဖို့ သတင်းမှားတွေကို အသုံးပြုတာပဲ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
“ကျူးကျော်သူတွေကို နောင်တရသွားလောက်အောင် တင်းပြည့်ကျပ်ပြည့် အပြစ်ပေးဖို့ အီရန်ပြည်သူတွေက တောင်းဆိုနေကြတာပါ။ အီရန်အရာရှိအားလုံးဟာ ဒီရည်မှန်းချက် အောင်မြင်တဲ့အထိ ထိပ်သီးခေါင်းဆောင်နဲ့ ပြည်သူတွေရဲ့နောက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့လည်း အမေရိကန်ပစ်မှတ်များကို အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။
အီရန်နှင့် ဆွေးနွေးနေကြောင်း ထရမ့်၏ ပြောဆိုမှုသည် အာနိသင်မရှိတော့သည့် စိတ်ဓာတ်စစ်ဆင်ရေး သာဖြစ်ပြီး အီရန်ဘက်က တိုက်ခိုက်နေမှုအပေါ် မည်သည့်သက်ရောက်မှုမှ မရှိကြောင်း တုံ့ပြန်ခဲ့သည်။
တနင်္လာနေ့တွင် အစ္စရေးမြို့ကြီးအချို့နှင့် အမေရိကန်စစ်အခြေစိုက်စခန်း အများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
၎င်းတို့အနေဖြင့် ကျူးကျော်သူများကို ထိထိရောက်ရောက် စစ်ဆင်ရန် ဆွေးနွေးညှိနှိုင်းနေကြောင်း ယင်းတပ်ဖွဲ့က ဆိုသည်။
Source: Reuters







