ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်မြို့လယ် စျေးဝယ်စင်တာတွင် အိတ်ခိုးခဲ့သည့် မြန်မာတစ်ဦးဖမ်းဆီးခံရ

March 24, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် စျေးဝယ်စင်တာတစ်ခုတွင် ခရီးသွားတစ်ဦး၏ ကျောပိုးအိတ်ကို ခိုးယူခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၂၂ ရက် ညက ဘန်ကောက်မြို့ ပတူဝမ်နယ်မြေရှိ စျေးဝယ်စင်တာထဲတွင် ဈေးဝယ်နေစဉ် ဗီယက်နမ်နိုင်ငံသားတစ်ဦး ကျောပိုးအိတ် ပျောက်ဆုံးသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးရာ အမျိုးသားတစ်ဦးက အိတ်ကို ခိုးယူသွားပြီး ဖရာထိုင်းလမ်းဘက်သို့ ထွက်ပြေးသွားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

CCTV မှတ်တမ်းမှတစ်ဆင့် ခြေရာခံ၍ လိုက်လံရှာဖွေရာ ပျောက်ဆုံးပြီး နှစ်နာရီခန့်အကြာတွင် သံသယရှိသော အမျိုးသားကို နော်ဂျစ်လမ်းထဲတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော အမျိုးသားသည် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ထိုင်းစကားကို ကျွမ်းကျင်စွာပြောဆိုတတ်ကာ ခိုးယူမှုကို ဝန်ခံခဲ့ကြောင်း ဖော်ပြသည်။

ကျောပိုးအိတ်ထဲတွင် ဘတ်ငွေ ၉၅၀၀နှင့်အတူ အမေရိကန်ဒေါ်လာ၊ ဗီယက်နမ်ငွေကြေးများကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ပိုင်ရှင်ထံ ပြန်အပ်နှံခဲ့ကြောင်း ဖော်ပြသည်။

ခိုးယူမှုဖြင့် မြန်မာနိုင်ငံသားကို အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Khaosod, Daily News, MGR Online