ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ် သကန်တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်‌ရေးတပ်များတိုက်ခိုက်

March 24, 2026

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုရွာအနီး ကြက်ယက်ကန်းဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်‌ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။

မတ်လ ၂၃ရက် နံနက် ၈နာရီတွင် ဝင်‌ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“(စစ်အာဏာရှင်တပ်) ဘက်က အထိအခိုက်ရှိပေမယ့် အသေးစိတ် မသိရသေးဘူး။ တပ်စွဲထားတဲ့ (စစ်အာဏာရှင် တပ်ဖွဲ့ဝင်) တွေကို ဝင်ရောက်တိုက်ခိုက်တာပါ” ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်တပ်သည် ည ၈နာရီတွင် ရွာကို ကင်းထောက်ဒရုန်းများဖြင့် ကြည့်၍ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ညမှ လက်နက်ကြီး ပြန်ပစ်နေတယ်။ ဒရုန်းတွေနဲ့ ကင်းထောက်တာတွေလုပ်ပြီး လက်နက်ကြီးတွေ ပစ်နေတယ်။ ထိခိုက်မှု မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

သကန်တောင်ပုရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် ၂နှစ်ကျော်ရှိနေပြီဖြစ်ပြီး စစ်ဆေးရေးဂိတ်လည်း ဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

သကန်တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

သကန်တောင်ပုရွာသားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အချိန်တွင် ရွာထဲတွင် ပြန်လည်နေထိုင်ကြပြီး တိုက်ပွဲဖြစ်ပွားပါက နီးစပ်ရာရွာများတွင် တိမ်းရှောင်၍ နေကြလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။