ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် ဖေဖော်ဝါရီလကုန်အထိ မိုးဆက်ရွာနိုင်

February 24, 2026

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီတွင် ဖေဖော်ဝါရီလကုန်အထိ မိုးဆက်ရွာနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းဖော်ပြသည်။

တနင်္သာရီအပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ကယား (ကရင်နီ) ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြသည်။

တနင်္သာရီနှင့် မွန်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ မြို့တွင်းရပ်ကွက်အချို့နှင့် မြို့ပတ်ဝန်းကျင် ကျေးရွာများတွင် မိုးရွာကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခုစလုံးရှိ နေရာအချို့တွင် မိုးရွာခဲ့သေးကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးအနည်းငယ်ရွာနိုင်ပြီး မိုးလုံးဝ မရွာနိုင်သည့် ဒေသများလည်း ရှိနိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း စစ်ကော်မရှင် မိုးဇလက ခန့်မှန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ရေးဝန်ကြီးဌာနကလည်း လေဖိအားနည်းရပ်ဝန်းနှင့် အရှေ့ဘက်မှလာသော လေပွေလှိုင်းအရှိန်ကြောင့် မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ကရင်၊ မွန်၊ ကရင်နီ (ကယား) နှင့် ရခိုင်တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင် ကြောင်း ခန့်မှန်းထားသည် ။

ယင်းအပြင် မြန်မာနိုင်ငံတဝှမ်းလုံးတွင် နံနက်ခင်း၌ မြူများကျဆင်းနိုင်ကြောင်း ဖော်ပြသည်။