ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

February 24, 2026

ပုံစာ - ရေးမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု (ပုံဟောင်း) Photo - MSRF

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်း နှင်းစုံကျေးရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက် ညနေပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလျက်ရှိ ပြီး ယမန်နေ့ ညနေပိုင်းက နှင်းစုံကျေးရွာအနီးတွင် မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအဝင် ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲသည် တစ်နာရီခန့်ကြာကြောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာကို စစ်ကြောင်းထိုးလာတော့ ဖြစ်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

ရွေးကောက်ပွဲအပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ရေးမြို့နယ်အတွင်းသို့ စစ်အာဏာရှင်တပ်က လက်နက်အင်အား၊ တပ်သားအင်အားများ တိုးမြှင့်ထားပြီး ဒေသအတွင်းရှိ တပ်ရင်း၊ တပ်စခန်းများတွင် အင်အားဖြည့်တင်းနေကြောင်း ဒေသတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတို့၏ ပြောပြချက်အရ သိရသည်။

ထိုသို့ စစ်အင်အားတိုးမြှင့်လာပြီး ယခုရက်ပိုင်းအတွင်း၌လည်း ကျေးရွာအချို့ဘက်ကို စစ်ကြောင်းထိုး နေသည့်အပြင် စစ်ဆေးရေးဂိတ်အသစ်များလည်း တိုးချဲ့ဖွင့်လှစ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။