ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း စုံစင်ဖျားရွာကို စစ်အာဏာရှင်တပ်က နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲ

February 24, 2026

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင်လည်း စစ်အာဏာရှင်တပ်က စုံစင်ဖျားရွာသို့ လေကြောင်းမှ ဗုံးလေးလုံး ကြဲချခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ဗုံးကြဲမှုအတွင်း အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်သုံးဦးခန့်လည်း ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် ဗုံးကြဲတိုက်ခိုက်မှုတွင်လည်း အရပ်သားထိခိုက်မှုများ ရှိနေကြောင်း သိရသော်လည်း ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် အသေးစိတ်အခြေအနေများကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

လက်ရှိတွင် သရက်ချောင်းမြို့နယ်အတွင်း နှစ်ဖက်စစ်ရေး ပြင်းထန်လျက်ရှိပြီး စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းသုံးကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများနှင့် စစ်ကြောင်းထိုးမှုများကြောင့် အနီးနားရှိ ကျေးရွာပေါင်း အနည်းဆုံး ၂၀ မှ ဒေသခံထောင်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။