ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပလတွင် ရိတ်သိမ်းပြီးစပါးများကို စစ်အာဏာရှင်တပ်မီးရှို့သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပိုအခက်ကြုံ

February 24, 2026

ပုလောမြို့နယ်၊ ပလမြို့ဝန်းကျင်တွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။

ဇန်နဝါရီလအစပိုင်းတွင် စစ်အာဏာရှင်တပ်က သင်္ကန်းတောရွာအနီးရှိ လယ်ကွင်းများတွင် ရိတ်သိမ်းပြီးသည့် စပါးကောက်လှိုင်းများကို မီးရှို့ခဲ့သဖြင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများ ပို၍ အခက်ကြုံလာကြောင်း စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ပတ်ဝန်းကျင်တွင် စစ်ဘေးရှောင် ထောင်ဂဏန်းရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“အရင်နှစ်တွေက ဆန်အတွက် အဆင်ပြေသေးတယ်။ အခုက ကောက်လိုင်းတွေကို မီးရှို့‌တော့ ဆန်က ပိုလိုအပ်ပေါ့။ အမြဲ (မီး) ရှို့နေတယ်လေ” ဟု အထက်ပါ စစ်ရှောင်နေသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပလမြို့ပေါ်နှင့် ပုလောမြို့နယ်ထဲက ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က မီးရှို့မှုကြောင့် နေအိမ် ၂၅၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့သေးသည်။

စစ်ဘေးရှောင်များသည် ပင်လယ်ပြင်၊ ဓနိတော၊ ဥယျာဉ်ခြံနှင့် တောတောင်ထဲတွင် တဲထိုးကာ တိမ်းရှောင်နေကြရပြီး နှစ်နှင့်ချီပြီး ရှောင်နေရသူများရှိသလို လတ်တလော တိမ်းရှောင်လာရသူများလည်းရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ရွာထဲတွင် စစ်အာဏာရှင်တပ် မရှိတော့လျှင် ရွာနှင့် ခြံအနီးရှိ သီးနှံများကို သွားရောက်ခူးယူပြီး စားသောက်နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သားများ တပ်စွဲခဲ့လျှင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို သိသော်လည်း အိမ်နှင့် ခြံများသို့ ပြန်ဝင်၍ ရှိသည့် အသီးနှံများကို ဝင်၍ခူးနေရကြောင်း ၎င်းက ဆိုသည်။

စားနပ်ရိက္ခာများမှာလည်း ထောက်ပံ့သူရှားလာကြောင်း အထက်ပါ စစ်ဘေးရှောင်ကူညီသူက ပြောဆိုသည်။

“စကစ မရှိချိန် ခိုးဝင်ပြီး သီးနှံရှာစား အဲဒီလိုဖြစ်နေကြတယ်။ ဒုက္ခဖြစ်နေလို့ မရှိတော့ အငတ်မခံနိုင် ရမယ့်နေရာကနေ ရှာစားဖြစ်နေတယ်။ ကပြာကရာရတဲ့ ပစ္စည်းယူပြီးပြန်ထွက်ကြတယ်။ ရှေ့ရက်ကလည်း သရက်သီးသွားကောက်လို့ နှစ်ယောက် (မြေမြှုပ်မိုင်း) ထိသွားသေးတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပုလောမြို့နယ်တွင် တန်းရှင်းရွာ၊ သင်္ကန်း‌တောရွာ၊ တိုရွာ၊ ကြဲရွာ၊ ကဒဲရွာနှင့် ရှပ်ပုံရွာအပါအဝင် ‌ကျေးရွာ ၁၀ ကျော်က ဒေသခံ ရှစ်ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်အရေးကူညီနေသည့်သူအချို့ထံမှ သိရသည်။