ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထရမ့်က နိုင်ငံကိုလမ်းမှားသို့ ပို့ဆောင်နေကြောင်း အမေရိကန်အများစု ယူဆ

February 24, 2026

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း နိုင်ငံကို လမ်းမှားသို့ ဦးတည်ခေါ်ဆောင်နေသည်ဟု အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားအများစုက ယူဆနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြသည်။

NPR သတင်းဌာနနှင့် PBS သတင်းဌာနတို့ ပါဝင်ပူးပေါင်းကောက်ယူသည့် လူထုသဘောထား စစ်တမ်းတစ်ခုက ယင်းသို့ ဖော်ပြခြင်း ဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောကြားမည့် သမ္မတဒေါ်နယ်ထရမ့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း မတိုင်မီတစ်ရက်အလိုတွင် ယင်းစစ်တမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ စစ်တမ်းအရ သမ္မတထရမ့်သည် နိုင်ငံကို ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်ပြောင်းလဲနေစေသည်ဟု အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၅၅ ရာခိုင်နှုန်းက ခံစားနေကြရသည်။

ယင်းပမာဏသည် သမ္မတထရမ့်၏ ပထမသက်တမ်းမှ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

နိုင်ငံ၏ အခြေအနေမှာ လွန်ခဲ့သည့် တစ်နှစ်ကထက် ပိုမိုဆိုးရွားသွားသည်ဟု ဒီမိုကရက်ပါတီထောက်ခံသူ ၉၀ ရာခိုင်နှုန်းက ယူဆကြသည်။

ရီပတ်ဘလစ်ကန်ပါတီထောက်ခံသူ ၈၂ ရာခိုင်နှုန်းကမူ နိုင်ငံ့အခြေအနေ ပိုကောင်းမွန်လာသည်ဟု ယူဆကြကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။

သမ္မတထရမ့်၏ ဒုတိယအကြိမ် သမ္မတသက်တမ်း ပထမနှစ်အတွင်း ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အပေါ် လူထုယုံကြည်ကိုးစားမှုမှာလည်း ကျဆင်းလာကြောင်း ဖော်ပြသည်။

သမ္မတ၊ လွှတ်တော်နှင့် တရားရုံးများအကြား အာဏာခွဲဝေကျင့်သုံးသည့် အပြန်အလှန် ထိန်းကျောင်းမှုစနစ်သည် ကောင်းမွန်စွာ လည်ပတ်နေသည်ဟု ယူဆသည့် အရွယ်ရောက်ပြီးသူ နိုင်ငံသားအရေအတွက်မှာလည်း ၃၂ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း စစ်တမ်းအရ သိရသည်။

Source: The Guardian