ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် အသက်မပြည့်သေးသည့် ပြည်သူ့စစ်တစ်ဦး ဖမ်းမိ

February 24, 2026

ထားဝယ်မြို့ပေါ်မှ လောင်းလုံးမြို့နယ်ထဲသို့ ရောက်လာသည့် အသက်မပြည့်သေးသည့် ပြည်သူ့စစ်တစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။

ပြည်သူ့စစ်ဟု သံသယရှိသူ ငါးဦးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

သက်သေမခိုင်လုံခြင်း၊ အသက်မပြည့်သေးသည့် ကလေးများဖြစ်နေခြင်းကြောင့် လေးဦးကိုမူ ပြန်လွှတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့က ဆိုသည်။

ကျန်တစ်ဦးမှာ သက်သေ အထောက်အထား ခိုင်လုံသဖြင့် လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဆက်လက်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“သူတို့တတွေက စစ်တပ်နဲ့အတူတူ လက်ပွန်းတတီးနေကြတယ်။ ကင်းစောင့်နေတာတွေမှာ ပါနေကြတယ်။ ညဖက် ကင်းလှည့်ရာတွေမှာလည်း ပါနေကြတာပဲ” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် ငွေကြေးချို့တဲ့သူများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်မှ မြို့ပေါ်ပြောင်းသွားကြသူများအနက် ကျောင်းနေအရွယ် ကလေးများကိုပါ စစ်အာဏာရှင်တပ်က မက်လုံးပေးပြီး ပြည်သူ့စစ် အဖြစ် စုဆောင်းလျှက်ရှိကြောင်း မြို့ခံအချို့က ပြောဆိုသည်။