ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကွမ်းတံတွေး မထွေးရန် တားမြစ်ရာမှ အယုဒ္ဓယတွင် မြန်မာအချို့နှင့် ထိုင်းတစ်ဦးတို့ ခိုက်ရန်ဖြစ်

February 24, 2026

ပုံစာ - မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေစဉ် ဒဏ်ရာရရှိသွားသော ထိုင်းနိုင်ငံသား၏ တူတော်စပ်သူက မြန်မာနိုင်ငံသားနှစ်ဦးအား အော်ဟစ်ကြိမ်းမောင်း၍ ရိုက်နှက်ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်။

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာအလုပ်သမား လေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ ခိုက်ရန်ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံသား ဒဏ်ရာရရှိသဖြင့် ဆေးရုံတင်ထားရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၀ နာရီခွဲခန့်က အယုဒ္ဓယခရိုင်၊ ဘန်ပအင်းဒေသ၊ ဆင်ထိဝါရပ်ကွက် ဈေးအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြန်မာအလုပ်သမားတို့သည် ကွမ်းတံတွေး ထွေးပြီး ဆေးလိပ်သောက်နေကြသည်ဆိုပြီး အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးက လာရောက်တားမြစ် သတိပေးပြောဆိုခဲ့ရာမှ အချင်းများကာ ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံသားသည် မှောက်လျက် သတိမရှိသည့် အနေအထားဖြစ်နေပြီး အနီးရှိပြည်သူများက အရေးပေါ်ကားကို ဖုန်းဆက် အကြောင်းကြားကာ ဥထိုင်းဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ခိုက်ရန်ဖြစ်မှုတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသားများကို လိုက်လံရှာဖွေရာ အသက် ၂၅ နှစ်အရွယ် နှစ်ဦးကိုသာ ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်သူများက လွတ်မြောက်သွားခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေစဉ် ဒဏ်ရာရရှိသွားသော ထိုင်းနိုင်ငံသား၏ မိသားစုဝင်များက ရောက်ရှိလာရာ တူတော်စပ်သူက မြန်မာနိုင်ငံသားနှစ်ဦးကို အော်ဟစ်ကြိမ်းမောင်း၍ ရိုက်နှက်နေသည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားနှစ်ဦးကို စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

ဆေးလိပ် မသောက်ရန်၊ ကွမ်းတံတွေး မထွေးရန် လာရောက်တားမြစ်ခဲ့ရာမှ စကားများ ရန်ဖြစ်ခဲ့ကြပြီး ခိုက်ရန်ဖြစ်ခဲ့ကြောင်း ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားနှစ်ဦးစလုံးက ထွက်ဆိုခဲ့သည်ဟု ဖော်ပြသည်။

မြန်မာနိုင်ငံသားနှစ်ဦးကို စစ်ဆေးစဉ် နေထိုင်ခွင့် စာရွက်စာတမ်းများက ပြည့်စုံနေသည်ကို တွေ့ရကြောင်း ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားကို ဆေးရုံတင်ထားရဆဲဖြစ်ပြီး ဒဏ်ရာအခြေအနေ ပြင်းထန်ကာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ခိုက်ရန်ဖြစ်သောနေရာတွင် မြန်မာနိုင်ငံသား အများအပြားနေထိုင်ပြီး စည်းကမ်းလိုက်နာမှု ပိုမိုရှိစေရန်အတွက် အာဏာပိုင်များကို စစ်ဆေးအရေးယူပေးရန် ထိုင်းပြည်သူများက တောင်းဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Amarin TV, Thairath, Ayyuthaya News