ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးဒဏ်ရာရ

January 24, 2026

ရွေးကောက်ပွဲ အပိုင်း ၃ အကြိုနေ့ဖြစ်သည့် ယနေ့ ဇန်နဝါရီလ ၂၄ရက်တွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်သဖြင့် မြို့ပေါ်က ကလေးငယ်နှစ်ဦး ဒဏ်ရာရကြောင်း မြို့ခံများက ပြောသည်။

လောင်းလုံးမြို့ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က မြို့အနီးဝန်းကျင်ပတ်ပတ်လည်သို့ လက်နက်ကြီးဖြင့် တောက်လျှောက်ပစ်ခတ်လျက်ရှိကြောင်း မြို့ခံများက ဆိုသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုများအနက် လက်နက်ကြီးကျည်နှစ်လုံးမှာ လောင်းလုံးမြို့၊ စောင်ကြိုးလမ်းထဲရှိ နေအိမ်ခြံဝင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

စောင်းကြိုးလမ်းသည် မြို့ပြင်ရပ်ကွက်တစ်နေရာဖြစ်ပြီး ထိုနေရာမှတစ်ဆင့် စစ်ပြဲကျေးရွာသို့ သွားရောက်နိုင်သည်။

ခြံဝင်းထဲတွင် ဆော့ကစားနေသော အသက် ၉ နှစ်ဝန်းကျင်အရွယ် ကလေးငယ်နှင့် အသက် ၆ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တို့အား လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ခပ်ကြီးကြီး ကလေးမှာက ပုခုံးနားကို (လက်နက်ကြီးစ) ထုတ်ချင်းပေါက်ထွက်သွားတယ်။ အသက်အန္တရာယ်တော့ မထိလောက်ဘူးလို့ သိရတယ်။ နောက်တစ်ယောက် အငယ်မှာတော့ ခြေထောက်ထိတယ်” ဟု ၎င်းက ပြောသည်။

မြို့ခံအများစုမှာ တိမ်းရှောင်သွားကြသဖြင့် ကလေးနှစ်ဦးအား ဆေးရုံတင်ပို့ပေးရန် ကားလိုက်ရှာ မရသောကြောင့် ဘုန်းကြီးကျောင်းကားဖြင့် တင်ပို့လိုက်ရကြောင်း အထက်ပါမြို့ခံက ဆက်လက်ပြောဆိုသည်။

ယနေ့တွင်ပင် လောင်းလုံးမြို့အနီး သဗျာကျေးရွာတွင်လည်း ‌ရေလုပ်သားများထံ ရေခဲလိုက်လံပို့ဆောင်သည့် ကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တို့က စစ်ဆေးရန် တားဆီးစဉ် ကားမရပ်ပေးသဖြင့် ပစ်ခတ်ခံရကြောင်း သတင်းထွက်ပေါ်လျက် ရှိသည်။

ကားသမား ဒဏ်ရာရရှိသည်ဟု သတင်းထွက်နေသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်သည့် လောင်းလုံးမြို့နယ်က ကျေးရွာများအနီးဝန်းကျင်တွင် စစ်ရေးတင်းမာလျက်ရှိပြီး နှစ်ဖက်ပစ်ခတ်မှုတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။