ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကလိန်အောင်၊ ရာဖူးရွာတွင် ပစ်ခတ်မှုထပ်ဖြစ်ပြီး ဒေသခံများ တိမ်းရှောင်

January 24, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင်-မလွှဲတောင် လမ်းပိုင်းရှိ ရာဖူးရွာသစ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားသဖြင့် ရွာသားအချို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ခြေလျင်လာသော စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရာဖူးရွာသစ် ဘုန်းကြီးကျောင်းတွင် ဇန်နဝါရီလ ၂၂ ရက် ညနေပိုင်းက စခန်းချရပ်နားနေစဉ် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှု မရှိသော်လည်း ရာဖူးရွာသစ် ဘုန်းကြီးကျောင်းတွင် ပန်းရံလုပ်ကိုင်နေသည့် အမျိုးသားနှစ်ဦး၏ ခြေထောက်တွင် ကျည်ရှပ်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရာဖူးရွာဝန်းကျင်၌ ဇန်နဝါရီလ ၂၄ ရက်အထိ ဆက်လက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် သာယာမွန်ရွာနှင့် ရာဖူးရွာတို့မှ ရွာသားအချို့ ကြိုတင်တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“သက်ကြီးပိုင်းအချို့ပဲ ရွာမှာကျန်တယ်။ ကျန်တဲ့သူတွေက ရှောင်နေတယ်။ ပြီးတော့ အရင်တစ်ခါ ရှောင်တုန်းက အိမ်မှာလူမကျန်တော့ အိမ်ဖောက်ခံရတာ ကြုံဖူးကြလို့ တချို့လည်း အိမ်စောင့်ကျန်နေတာတော့ ရှိတယ်” ဟု ရာဖူးအုပ်စု၊ သာယာမွန်ရွာသားတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းအထိမူ ထိတွေ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ ကလိန်အောင်မြို့ဘက်မှ မလွှဲတောင်ဘက်သို့ စစ်ကြောင်းထိုး တက်လာခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက်ကလည်း နှစ်ဖက်ပစ်ခတ်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ကာ သာယာမွန်ရွာမှ ရော်ဘာခြံအလုပ်သမားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ဖူးကြောင်း သိရသည်။