ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ၂ လမ်းနှင့် ၃ လမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။
မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မီးလောင်မှုကြောင့် ၂ လမ်းရှိ နေအိမ် ၄ လုံးနှင့် ကျောချင်းကပ်ဖြစ်သော ၃ လမ်းရှိ နေအိမ် ၃ လုံး၊ စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ရပ်ကွက်နေသူများက ဆိုသည်။









မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် မီးလောင်မှု ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် တစ်ဆောင်၊ နေအိမ် ၁၅ လုံးနှင့် ကုန်တင်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း Dawei Watch က ပြုစုထားသည့် စာရင်းများအရ သိရသည်။







