စစ်အုပ်စုက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ်များကို အဓမ္မစစ်မှုထမ်းစုဆောင်းခြင်းများကို နည်းလမ်းမျိုးစုံသုံးကာ ဆက်တိုက်လုပ်ဆောင်နေသည်။
ယခင်စစ်အာဏာရှင်အဆက်ဆက်က အရပ်သားပြည်သူများကို ပေါ်တာဆွဲပြီး ရှေ့တန်းစစ်မျက်နှာကို လွှတ်သည့်အခြေအနေမှ လက်ရှိတွင် လူငယ်များကို ရှေ့တန်းပို့ရန် ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ခွင့် ရသွားခြင်းလည်းဖြစ်သည်။
စစ်အာဏာရှင်တပ်က စစ်မှုထမ်းစုဆောင်းမှုပုံစံမှာ ဒေသတစ်ခုနှင့် တစ်ခု မတူညီကြဘဲ သူ့အရပ်နှင့် သူ့ဇာတ်အဆင်ပြေသလို လုပ်ဆောင်နေကြသည်။
စစ်အာဏာရှင်တပ်၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိပြီး စစ်အာဏာရှင်၏ အမှတ် ၁၂ တန်းမြင့်လေ့ကျင်းရေး သင်တန်းကျောင်း အခြေစိုက်ထားသော မြိတ်ခရိုင်တွင်မူ စစ်မှုထမ်းကြေးဆိုကာ အဓမ္မငွေတောင်းမှုများက ပိုတွင်ကျယ်နေသည်။
ဒေသအခြေအနေအရ စစ်အုပ်စုကြီးစိုးထားနိုင်သော မြိတ်နှင့် ကျွန်းစုမြို့နယ်ကဲ့သို့ ဒေသများတွင် စစ်မှုထမ်းကြေးတောင်းရမ်းမှုကို ပေါ်ပေါ်ထင်ထင် လုပ်နေခြင်းဖြစ်သည်။ စစ်မှုထမ်းကြေးဟုဆိုကာ လစဉ်ငွေကျပ်သောင်းချီ ကောက်ခံနေခြင်းဖြစ်သည်။
သို့သော်တော်လှန်ရေးတပ်များက နယ်မြေအများစုကို စိုးမိုးထိန်းချုပ်ထားသည့် တနင်္သာရီ၊ ပုလောမြို့နယ်တို့တွင်မူ လမ်းခရီးရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များတွင်ဖမ်းဆီးကာ စစ်မှုထမ်းစုဆောင်းလေ့ရှိသည်။
အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းရှားပါး လာသလို၊ စီးပွားရေး ကျပ်တည်းမှု ရင်ဆိုင်နေရချိန်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများအပါအဝင် စစ်အုပ်စုဩဇာခံများက အတင်းအဓမ္မကောက်ခံနေခြင်းကြောင့် ပြည်သူလူထုမှာ ကျပ်သထက်ကျပ်တည်းလာကြသည်။
စစ်မှုထမ်းပါသွားပါကလည်း ရှေ့တန်းပို့ခံရပြီး အသက်ဆုံးရှုံးမည့်ဘေးရှိသလို၊ စစ်မှုထမ်းဘေးမှ လွတ်အောင် ရှောင်တိမ်းနေပါကလည်း အိမ်တွင်ကျန်ရစ်သူများကို ရန်ရှာလာမည့်ဘေးရှိသဖြင့် စားရေးထက် စစ်မှုထမ်းကြေးကို မဖြစ်မနေ ပေးနေကြရသည်။
သို့သော်လည်း စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမည့်အရေးက အာမခံချက်မရှိ၊ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်းမျိုး နည်းသွားသော်လည်း လမ်းသွားနေချိန် ဖမ်းဆီးခေါ်ဆောင်ခံရနိုင်သဖြင့် လူငယ်များမှာ ကျီးလန့်စာစားဘဝဖြင့် နေထိုင်ကြရသည်။
ထိုကြောင့် မြိတ်ဒေသ၏ ယင်းအခြေအနေများကို သိရှိနိုင်စေရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။
“ထမင်းပဲအငတ်ခံပြီးနေရင်ရမယ် ဒီဟာမပေးရင် မသက်သာဘူးမှတ်”
အသက် (၅၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ၊စန္ဒာဝတ်ကျေးရွာအုပ်စု၊ မြိတ်မြို့နယ်
DW ။ မိသားစုဝင် ဘယ်နှစ်ဦးရှိလည်းရှင်။
ဖြေ ။ မိသားစုကတော့ မိန်းမက မရှိတော့တာကြာပြီ။သမီး ၄ ယောက်ရှိတယ်။ ၃ယောက်က ထိုင်းမှာ ၁ ယောက်ကတော့ သူ့အမျိုးသားဆီမှာနေတယ်။
DW ။ ဒါဆို ဦးလေးကတစ်ယောက်တည်းနေတာပေါ့နော်။စစ်မူထမ်းလစဉ်ကြေးက ဆောင်ရသေးလားရှင်။
ဖြေ ။ ဆောင်ရတာပေါ့။ဦးလေးက အသက်လည်းကြီးပြီ။ စစ်မူထမ်းအသက်အပိုင်းအခြားထက်ကျော်နေပြီကို ဆောင်ရတယ်။ ယောကျာ်းသားလည်းရှိတာမဟုတ်ဘူး။ဒါလည်းပေးနေရတာပဲ ။ရှေ့နှစ်က ဦးလေး ၅ လလောက် စစ်မူထမ်းကြေးမပေးဘဲနေလိုက်တာ ဦးလေးကိုလာဖမ်းသွားတယ်။ထိုင်းက သမီးတွေငွေပြန်ပေးပြီး ထုတ်ပေးလိုက်တာ။ဦးလေးမှာက ပိုက်ဆံရှိတယ်။တမင်မပေးချင်လို့ ထားထားလိုက်တာ နောက်ပိုင်းသမီးတွေ စိတ်ပူနေမှာစိုးလို့ လတိုင်းဆောင်တယ်။သူတို့လည်း ပို့ ပို့ပေးတယ်။
DW ။ တစ်လကိုဘယ်လောက်ပေးဆောင်နေရလည်းရှင်။ပေးနေရတာ ဘယ်နှစ်လလောက်ရှိပြီလဲရှင်။
ဖြေ ။ တစ်လကို အရင်က (ကျပ်) ၄သောင်းခွဲ ။ အခုနောက်ပိုင်း ၂သောင်းခွဲဖြစ်လာတာ လပိုင်းလောက်ပဲသေးရှိတယ်။ ပေးနေရတာကတော့ ၂ နှစ်နီးပါးလောက်တော့ရှိပြီ။ဒီပိုက်ဆံတွေ ဘာလုပ်တယ်ဆိုတာလည်း ဘယ်သူမှ မသိရဘူး။ လတိုင်းတော့ အချိန်မှန်လာကောက်နေတယ်။
DW ။ ဦးလေးတို့ ရပ်ကွက်ထဲက အိမ်တိုင်းပေးဆောင်ရတာလားရှင်။ မပေးရတဲ့အိမ်တွေရှိလားရှင်။
ဖြေ ။ မပေးရတဲ့ အိမ်ရယ်လို့တော့မရှိဘူး။အိမ်တိုင်းပေးရတယ်။ အိမ်ငှားတွေကအစ ပေးရတယ်။ တစ်အိမ်တည်း မိသားစုနှစ်ခုနေရင်လည်း နှစ်စုစာပေးရတယ်။ထမင်းပဲအငတ်ခံပြီးနေရင်ရမယ် ဒီဟာမပေးရင် မသက်သာဘူးမှတ်။
DW ။ အဲဒီ စစ်မှုထမ်းကြေးတွေကို ဘယ်သူတွေက လိုက်ကောက်တာလည်းရှင်။လတိုင်းထည့်နေရင် စစ်မူထမ်း မလိုက်ရတော့ဘူးဆိုတဲ့ သဘောလားရှင်။
ဖြေ ။ လိုက်ကောက်တာကတော့ တစ်ခါတလေ အုပ်ကြီးနဲ့ ရာအိမ်မှူးတွေ ၊တစ်ခါတလေ အုပ်ကြီးမိန်းမ ၊ပျူစောထီးတွေလည်း လာကောက်တယ်။ လတိုင်းတော့ထည့်ရတယ်။ စစ်မူထမ်းမခေါ်ဘူးလားဆိုတော့ သူတို့လည်း အတိအကျမပြောဘူး။မြို့ပေါ်မှာ တစ်ခါတလေ ပေါ်တာဆွဲတဲ့အသံတွေကြားနေတာပဲလေ။ဘာမှ အာမခံချက်မရှိဘူး သူတို့ခေတ်က။
DW ။ ရွေးကောက်ပွဲ ကျင်းပခါနီးတုန်းက မြိတ်မြို့ပေါ်မှာ ပေါ်တာဆွဲတဲ့အသံတွေကြားရတယ်ပေါ့နော်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဦးလေးအမြင်လေးတစ်ချက်ပြောပေးပါရှင်။
ဖြေ ။ ပေါ်တာဆွဲတာကတော့ အမြဲကြားရတယ်။တစ်ခါတလေ လူမသိသူမသိ ပါသွားတာတွေတောင် ရှိတယ်။ညဘက်ဧည့်စာရင်းလာစစ်သလိုနဲ့ လာလာဖမ်းသွားကြတာ ခဏခဏပဲ။ဒါတောင် စစ်မူထမ်းကြေး လစဉ်ထည့်နေတဲ့သူတွေနော်။သူတို့လုပ်ချင်ရင်လုပ်တာပါပဲ။ဦးလေးတောင်မှ အိုနေလို့ လာမခေါ်တာဖြစ်မယ်။
DW ။ လူငယ်တွေ စစ်မူထမ်းအခေါ်ခံရတာနဲ့ပတ်သက်ပြီး ဦးလေးပတ်ဝန်းကျင်မှာ တွေ့မြင်နေရတာလေးတွေကို ပြောပြပေးပါလားရှင်။
ဖြေ ။ ဦးလေးတို့ ပတ်ဝန်းကျင်မှာတော့ လူငယ်တွေတောင်မရှိတော့ဘူး။အားကိုးဖို့ ကိုယ့်တူ၊ သားတွေလည်း ထိုင်း(နိုင်ငံ) သွားကြကုန်ပြီ။ဒီမှာနေရတာက မအေးမှမအေးချမ်းတာ။ညဘက်ရောက်လို့ခေါင်းချတဲ့အချိန်တောင်မှ ရင်ထဲမအေးရဘူးလေ။ အိမ်ကမိသားစုတွေလည်းမအေးရ သူတို့ကိုယ်တိုင်လည်း အကြောက်တရားနဲ့နေရတာဆိုတော့ ထွက်သွားကြတာပဲ ကောင်းပါတယ်လေ။
DW ။ နောက်ထပ် ဘာများထပ်ဖြည့်ပြီး ပြောချင်သေးလဲရှင်။
ဖြေ ။ ဦးလေးမှာတော့ သားမရှိတော့ တစ်ပူအေးရတယ်။ဒါပေမဲ့ တူတွေအတွက် ပူရတယ်။အိမ်နားက တူ၊သားလို လူငယ်တွေအတွက် ပူပင်ရပြန်တယ်။ဖမ်းခေါ်သွားပြီဆိုရင်လည်း ပိုက်ဆံပြန်လိုက်နိုင်ရင် တော်အုံးမယ်။ဦးလေးလည်း သိပ်မပါရဲဘူး။ နဂိုကတည်းက ဦးလေးကို သိပ်ကြည်ကြတာမဟုတ်ဘူး။ဦးလေးအမှန်တိုင်းပြောတော့ လူမုန်းများတယ်။
“သူတို့က တောင်းစားရတဲ့ အရသာကိုသိတော့ ပိုဆိုးလာတယ်”
အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ကဘင်းကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်
DW ။ ဘာအလုပ်တွေလုပ်ကိုင်ကြလည်းရှင်။ မိသားစုဝင် ဘယ်နှစ်ဦးရှိလဲရှင်။
ဖြေ ။ ပင်လယ်မှာနေတာဆိုတော့ ဂွေး(မျှင်)ထောင်၊ပိုက်ဆွဲ ၊ဂဏန်း မျှား တံငါးသည်အလုပ်တွေပဲပေါ့။ မိသားစုဝင်ကတော့ သားယောင်္ကျား သုံးယောက်၊သမီးနှစ်ယောက်ရှိတယ်။
DW ။ ရေလုပ်ငန်းတွေကို ဘယ်သူက ဦးစီးပြီးလုပ်ကိုင်နေလည်းရှင်။တစ်နေ့ဝင်ကရော ပျမ်းမျှ ဘယ်လောက်ရလဲရှင်။
ဖြေ ။ သားကြီးနဲ့ ကျွန်တော်နဲ့လုပ်တယ်။အခုသားကြီးက ဦးဆောင်နေတယ်။ကျွန်တော်က သိပ်မလုပ်နိုင်တော့ဘူး။ ဒူးနာ၊ခါးနာ ရောဂါခံစားနေရတာ တော်တော်ကြာကြာပြီ။တစ်နေ့ဝင်ငွေကတော့ ပုံမှန်တော့မရှိဘူး။ မရတဲ့ရက်လည်း ရှိတယ်။ ဂွေးပေါ်ချိန်ဆို ဂွေးထိုး၊ ပိုက်ကြမ်းဆွဲတဲ့အချိန်ဆို ပိုက်ကြမ်းဆွဲတယ်။ ဂဏန်းချုပ်(မြုံး) ထောင်ချိန် ဂဏန်းထောင်တယ်။ ပျမ်းမျှအားဖြင့်ဆိုရင်တော့ (ကျပ်) ၂သောင်းအထက်မှာရှိပါတယ်။
DW ။ ရတဲ့ဝင်ငွေနဲ့ စစ်မူထမ်းလစဉ်ကြေးရယ် စားဝတ်နေရေးအတွက်ရယ် လုံလောက်ရဲ့လားရှင်။
ဖြေ ။ ဘယ်လိုမျိုး လုံလောက်မလည်းကွယ်။စစ်မူထမ်းကြေးက တစ်လကို (ကျပ်) ၃သောင်းရှိတယ်။ကုန်ဈေးနှုန်းက အခုခေတ် တစ်ရက် နှစ်သောင်းနဲ့ မလောက်ဘူး။ပင်လယ်သားတွေဆိုတော့ သိတဲ့အတိုင်း ထမင်းအစားကြီးတယ်။ ဆန်ဈေးကလည်း ကြမ်းပါဘိဆိုတဲ့ ဆန်တစ်အိတ်ကိုတောင်မှ တစ်သိန်းနီးနီး ဒါတောင်သုံးယောက်တည်းနေတာနော်။
DW ။ စစ်မူထမ်းကြေးမဆောင်နိုင်တဲ့ လတွေမျိုးရှိခဲ့လားရှင်။မဆောင်ခဲ့ရင်ရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲရှင်။
ဖြေ ။ မဆောင်တဲ့လ ဆိုတာမရှိခဲ့ပါဘူး။ လတိုင်းပေးတယ်။မရှိလည်းချေးငှားပြီးပေးတယ်။ထိုင်းက သားတွေ ပိုက်ဆံပို့ရင်ပြန်ဆပ်လိုက်တယ်။ ရွာထဲမှာ တအားဆင်းရဲလို့ မပေးနိုင်တဲ့သူတွေတော့ရှိတယ်။ မပေးနိုင်ရင် အကြွေးတင်သလိုမျိုး များများလာတယ်ပေါ့။
DW ။ စစ်မှုထမ်းလစဉ်ကြေးပေးနေရတာ ဘယ်နှစ်လ လောက်ရှိနေပြီလဲရှင်။
ဖြေ ။ ပေးနေရတာကတော့ ၁နှစ်ကျော်လောက်ရှိပြီထင်တယ်။ ဦးလေးလည်း သိပ်မမှတ်မိဘူးကွယ်။ အဲလောက်တော့ကြာပြီ။
DW ။ စစ်မူထမ်းလစဉ်ကြေးက ဘယ်သူတွေကိုပေးရတာလည်းရှင်။ကျွန်းစုဘက်မှာ ပေါ်တာဆွဲတာတွေရော ကြားမိလားရှင်။
ဖြေ ။ စစ်မှုထမ်းလစဉ်ကြေးက ရွာကအကြီးအကဲတွေကိုပေးရတယ်လေ။ပေါ်တာဆွဲတာတွေတော့ သိပ်မကြားရဘူး။ စစ်တပ်က ရွာသားတွေကို ခဏခဏဖမ်းခေါ်သွားတာမျိုးတော့ ကြားရတယ်။ ပြန်လွှတ်လာတာမျိုးလည်း ရှိတယ်။တချို့ကလည်း သေသွားတယ်လို့ကြားတယ်။
DW ။ ရွေးကောက်ပွဲကျင်းပခါနီးတုန်းက ကျွန်းစုဘက်မှာ အခြေအနေတွေ မငြိမ်မသက်ဖြစ်သွားသေးတယ်လို့ သိရတယ်ပေါ့နော်။အဲအချိန်တုန်းက အလုပ်အကိုင်တွေ ဘယ်လိုရှိလဲရှင်။
ဖြေ ။ နှစ်ကုန်ပိုင်းလောက်တုန်းကပေါ့။ စစ်သင်္ဘောတွေ ကင်းလှည့်တယ်။ညဘက် ငါးဖမ်းမထွက်ရဘူး။ ပစ်မိန့်ထုတ်ထားတယ်ပေါ့ကွယ်။အခုတော့နည်းနည်းပြန်အေးနေပါပြီ။ ဒီဇင်ဘာလလောက်က အားလုံးအဆင်မပြေကြပါဘူး။ ကိုယ့်မိသားစုတစ်ခုတည်းမဟုတ်ဘူး။ပင်လယ်မထွက်ရဘူးဆိုတော့ စားဝတ်နေရေး တော်တော်အခက်တွေ့ကြတာပေါ့ကွယ်။
DW ။ တခြားမြို့ရွာတွေမှာ စစ်မှုထမ်း ဖမ်းဆီးနေတဲ့ သတင်းတွေကြားမိလားရှင်။ အဲဒီဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး ဦးလေးဘာပြောချင်လဲရှင်။
ဖြေ ။ ကြားတယ်။ထားဝယ်တွေဘက်မှာ တော်တော်ဖမ်းနေတဲ့သတင်းကြားတယ်။အဲလိုကြားရင် အိမ်က သားကိုစိတ်ပူတယ်။မြို့တောင်မသွားခိုင်းရဲဘူး။အားကိုးစရာ သူပဲရှိတာ။လူငယ်တွေဖြစ်ရတာလည်း ကံဆိုးရှာပါတယ်။ဦးလေးတို့လို သေခါနီးလူတွေကျတော့ လာမခေါ်ပါလား။ရွာဘက်မှာလည်း အဲလိုပဲ စစ်သင်္ဘောတွေ လာတဲ့အသံကြားရင် သားကိုပြေးပုန်းခိုင်းရတာအမော။လာဖမ်းသွားမှာ စိုးရိမ်တယ်ကွယ်။
DW ။ ကျွန်းစုဘက်မှာ ပျူစောထီးတွေလည်း ငွေကြေးကောက်ခံနေတာတွေကြားရတယ်ရှင်။သူတို့ ဘာအတွက် ကောက်ခံကြတာလဲရှင်။
ဖြေ ။ ပျူစောထီးဆိုတာ ပြည်သူ့စစ်တွေမလား။သူတို့က အားနေလိုက်တောင်းနေတာ။ ဒီကောင်တွေအလုပ်လည်း မလုပ်ကြဘူး။လှေတစ်စီးနဲ့ ဟိုလူရိုက် ဒီလူကိုရိုက် ။ကျွန်းစုသားတွေအချင်းချင်းကို လက်နက်ကိုင်ရတာနဲ့ ဖင်ခေါင်းကျယ်လာတာ။ စစ်သားတွေ လုပ်တာက ထားလိုက်ဦး။သူတို့က တောင်းစားရတဲ့ အရသာကိုသိတော့ ပိုဆိုးလာတယ်။တစ်နေ့ တစ်နေ့မြင်ရ ကြားရတာ တကယ့်ငရဲပဲ။ကိုယ့်တွေလည်း ဘာမှပြန်မခုခံနိုင် အံတကြိတ်ကြိတ်နဲ့နေရတာ။
DW ။ နောက်ထပ်ဘာများ ဖြည့်စွက်ပြီးပြောချင်သေးလဲရှင်။
ဖြေ ။ ဦးလေးပြောနေတာလည်းတော်တော်စုံနေပြီထင်တယ်။ ကိုယ်ရတဲ့ လုပ်အားခကို ကိုယ့်မိသားစုဝင်တွေ ဝဝလင်လင်စားသောက်ရတဲ့ ခေတ်ကာလကိုရောက်ချင်ပြီကွယ်။ဦးလေးကအသက်ကြီးလို့မမီနိုင်ဘူးဆိုပေမယ့် သား၊မြေး၊မြစ်တွေကို အဲဒီခေတ်ကာလမှာ ကြောက်စိတ်မရှိဘဲ နေစေချင်တယ်။အကြောက်တရားကလူကို တော်တော်ပင်ပန်းပြီးစိတ်ဓာတ်ကျစေတယ်။ အဲဒီကြောက်စိတ်ကပဲ ကိုယ့်ကိုယ်ကို အသုံးမကျတဲ့ လူတစ်ယောက်ဖြစ်သွားစေတယ်။ ပြောတာအမှားတွေပါရင်ခွင့်လွှတ်ပါကွယ်။
“အကြွေးတောင်းသမားထက်ကို အချိန်မှန်သေးတယ်။ခရီးလွန်နေလို့ နှစ်လလောက် မထည့်ဘူးဆိုရင် အိမ်ရောက်တာနဲ့ လာတောင်းပြီ”
အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၊ အောင်မင်္ဂလာရပ်ကွက်၊မြိတ်မြို့
DW ။ မြိတ်မှာ စစ်မှုထမ်းကြေး ဘယ်လိုပေးဆောင်နေရလဲ။
ဖြေ ။ မြိတ်မှာက ငွေကောက်နေတာ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် မတူဘူး။ (ကျပ်)တစ်သောင်းကနေ သုံးသောင်းကျပ်ကြား ထည့်ရတယ်။စာရင်းစာအုပ်နဲ့ လာကောက်ကြတယ်။လကုန်ပြီးတစ်ရက်နေ့ဆို ကောက်ပြီ။ရပ်ကွက်အလိုက်ထည့်ရတဲ့ငွေကွာသွားတာက အိမ်ခြေနဲ့ဆိုင်တာလား အုပ်ကြီးနဲ့ဆိုင်တာလားတော့ မသိဘူး။
DW ။ စစ်မှုထမ်းဖမ်းနေတာကရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ညဘက်လည်း အိမ်မှာဝင်ခေါ်တယ်။ ညဘက်၁၂(နာရီ)လောက်ဆိုလည်း မှောင်ရိပ်ခိုပြီး ဖမ်းကြတယ်။ ညတိုင်းဆွဲနေတယ်။မဲထည့်ပြီးတောင် ဝင်ဆွဲနေတယ်။ည၈နာရီလောက်ဆိုရင် အပြင်ထွက်လို့ မရတော့ဘူး။ညတိုင်းကင်းလှည့်ပြီး ၁၀နာရီ၊ ၁၁နာရီလောက်ဆို အကုန်ဆွဲပြီ။ပျူစောထီးလို့ ပြောတာပဲ။ညဘက်ဆို ယူနီဖောင်းဝတ်လိုက်တယ်။နေ့ဘက်ဆိုရင် အရပ်ဝတ်နဲ့ နေနေကြတယ်။စစ်မှုထမ်းအတွက် ငွေလာကောက်ကြတော့ စာရင်းစာအုပ်နဲ့ အရပ်ဝတ်ဝတ်ပြီး လာကောက်ကြတယ်။လကုန်ပြီး တစ်ရက်နေ့ဆို လာကောက်တယ်။အကြွေးတောင်းသမားထက်ကို အချိန်မှန်သေးတယ်။ခရီးလွန်နေလို့ နှစ်လလောက် မထည့်ဘူးဆိုရင် အိမ်ရောက်တာနဲ့ လာတောင်းပြီ။
DW ။ ဘယ်သူတွေက အဓိကလိုက်ဖမ်းနေလဲ။
ဖြေ ။ ပျူစောထီးတွေပဲ ဦးဆောင်ပြီး ကားနဲ့ ကင်းလှည့်ပြီး ကင်းလှည့်နဲ့တိုးတဲ့လူ အကုန်ဖမ်းတယ်။အသံမထွက်တာက ပြောလို့မရဲကြဘူးလေ။ကျောင်းသားတွေဆို ပြန်လွှတ်ပေးတယ်။ကျန်သူတွေဆို ရဲစခန်းကို ခေါ်သွားကြတယ်။
DW ။ စစ်မှုထမ်းအတွက် ငွေကြေးမပေးရတဲ့ ရပ်ကွက်တွေရှိလား။
ဖြေ ။ မပေးရတဲ့ ရပ်ကွက်မရှိဘူး။ဆွဲခံရတာကလည်း ရပ်ကွက်တိုင်းလိုလိုပဲ။ပေးနေရတာက အခုဆို ၂၀ လ လောက်ရှိပြီ။ ဧည့်စာရင်းစစ်ပြီး ဖမ်းတာလည်းရှိတယ်။
DW ။ ဒီရက်ပိုင်း စစ်မှုထမ်းဖမ်းနေတာ ကြားရသေးလား။
ဖြေ ။ ရှေ့သုံးရက်လောက်ကဆို သားငယ်နှစ်ယောက် ညကိုးနာရီလောက်ရှိပြီ။အပြင်ထွက်တာ ညကင်းလှည့်နဲ့တိုးပြီး ဖမ်းလိုက်တယ်။တစ်ယောက်က ကျောင်းသားဆိုတော့ ပြန်လွတ်ပေးလိုက်တယ်။တစ်ယောက်က ပြန်မလွှတ်တော့ဘူး။
“မပေးရင် စစ်တပ်ကိုခေါ်ပြီး လာဖမ်းမယ်လို့ ခြိမ်းခြောက်တယ်”
အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ မဇောကျေးရွာအုပ်စု၊ မြိတ်မြို့နယ်
DW ။ စစ်မှုထမ်းအတွက် ရွာနားမှာ ဘယ်လိုလုပ်နေကြလဲ။
ဖြေ ။ တုံးဗျောနဲ့မဇောဖက်မှာတော့ လစဥ် စစ်မှုထမ်းစာရင်း ပါတယ်ဆိုပြီး စာလာပို့ပြီး ပိုက်ဆံတောင်းတာတွေ ဆက်လုပ်နေတယ်။
DW ။ ဘယ်သူတွေက လုပ်ဆောင်ပေးနေလဲ။
ဖြေ ။ အုပ်ကြီးတွေနဲ့ အုပ်ချုပ်ရေးမှူးစာရေးတို့ ပူးပေါင်းပြီး စာပို့တာတွေလုပ်ပြီး ငွေတောင်းနေကြတယ်။
DW ။ ဘယ်လိုကောက်ခံနေကြလဲ။
ဖြေ ။ တစ်ရွာမှာ တစ်ယောက်ကို ငွေ ၁၇သိန်းတောင်းတယ်။တစ်ရွာမှာက တစ်ခါတုန်းကဆို သုံံးယောက်ပေါက်တယ်။
DW ။ ဘယ်ရွာတွေ ပေးနေရလဲ။
ဖြေ ။ ခုံမော်ရွာ၊ တောင်ပုရွာ၊ အရှေ့တောင်ရွာ၊ တောတန်းရွာ၊ လက်မဲရွာ၊ ရှမ်းထိန်ရွာ၊ ပြင်ကြီးရွာ။ အဲဒီရွာတွေပေးနေရတယ် လို့ သိရတယ်။
DW ။ မပေးရင် ဘာဖြစ်မယ်လို့ သိထားရလဲ။
ဖြေ ။ မပေးရင် စစ်တပ်ကိုခေါ်ပြီး လာဖမ်းမယ်လို့ ခြိမ်းခြောက်တယ်။
DW ။ ဘယ်လိုမျိုးပေးဆောင်နေရလဲ။
ဖြေ ။ (မဲ)ပေါက်တဲ့ အိမ်တွေက ပေးဆောင်နေရတယ်။ရွာမှာရှိတဲ့ အိမ်တိုင်းပေးရတာ မျိုးမဟုတ်ဘူး။
“ရွာထဲမှာ လူငယ်တွေမရှိတာကြာပေါ့ကွယ်။မိဘတွေက စိတ်ပူပြီး ထိုင်းကိုလွှတ်ကုန်ကြတယ်လေ”
အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး၊ ကျောက်ဖျားကျေးရွာ၊ မြိတ်မြို့နယ်
DW ။ ဘာအလုပ်အကိုင်တွေလုပ်ကြလဲရှင်။မိသားစုဝင်တွေရော ဘယ်နှစ်ဦးရှိလည်းရှင်။
ဖြေ ။ အလုပ်အကိုင်ကတော့ မျိုးစုံပါပဲကွယ်။တစ်ခါတစ်လေ ကြီးကြီးယောကျာ်းက လက်သမားလုပ်တယ်။ ငါးဖမ်းလှေတွေလည်း လိုက်တယ်။သားသမီးက —–ယောက်ရှိတယ်။အကုန်အိမ်ထောင်ကျကုန်ပြီ။ကြီးကြီးတို့ လင်မယားနှစ်ယောက်ပဲနေတာ။
DW ။ တစ်နေ့တာဝင်ငွေရော ပုံမှန်ရှိလားရှင်။စားဝတ်နေရေးနဲ့ ရတဲ့ဝင်ငွေလုံလောက်ရဲ့လားရှင်။
ဖြေ ။ ဝင်ငွေက ပုံမှန်မရှိဘူး။အလုပ်က ရတဲ့ရက်တွေမှရတာလေ။ရတဲ့ရက်တွေဆိုတစ်ရက်တည်း ၃သောင်း ၄သောင်းလောက်ရတယ်။ဘယ်လိုလုပ်လုံလောက်မှာတုန်း။ အခုခေတ်ကုန်ဈေးနူန်းနဲ့ဆေးဝါးတွေလည်း မှီဝဲရသေးတယ်လေ။ ရတာနဲ့မလောက်ပါဘူးကွယ်။
DW ။ လစဉ် စစ်မှုထမ်းကြေးတွေလည်းထည့်နေရတယ်လို့ကြားတယ်ရှင် တစ်လတစ်လအဲဒီ ဆက်ကြေးကို ဘယ်လိုဖြေရှင်းနေလဲရှင်။
ဖြေ ။ စစ်မှုထမ်းလစဉ်ကြေးကတော့ ဒီလိုပဲ။ မရမက ရှာပေးရတာပေါ့ကွယ်။သားတွေက အိမ်ထောင်ထွက်ကုန်ပြီ ဆိုပေမယ့် ကြီးကြီးတို့က တစ်အိမ်ထောင်နေတာဆိုတော့ ထည့်နေရတယ်။ချေးပြီးပေးရတဲ့ လတွေလည်းရှိတယ်။ ကြီးကြီးယောကျာ်းအလုပ်ရရင်တော့ပြန်ဆပ်လိုက်ပေါ့။ ဒီလိုပဲ သံသရာလည်နေတယ်။
DW ။ စစ်မှုထမ်းကြေးက တစ်လကိုဘယ်လောက်ထည့်နေရလဲရှင်။ ထည့်နေရတာဘယ်နှစ်လလောက်ရှိနေပြီလဲရှင်။
ဖြေ ။ တစ်လကို (ကျပ်)နှစ်သောင်း ထည့်ရတယ်။ထည့်နေတာ ၂ နှစ်ကျော်ပြီ။
DW ။ စစ်မှုထမ်းကြေးက ဘယ်သူတွေကိုထည့်ရတာလဲရှင်။အိမ်တိုင်ရာရောက်လာကောက်တာလားရှင်။
ဖြေ ။ ရွာက အုပ်ချုပ်ရေးမှူးတွေကိုပေးရတာပေါ့ကွယ်။စာရင်းစာအုပ်နဲ့အိမ်တိုင်ရာရောက် လာယူတယ်။
DW ။ စစ်မှုထမ်းကြေးထည့်နေရပေမယ့် ရွာထဲက လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင် တာမျိုးတွေရှိလားရှင်။
ဖြေ ။ ဒီလိုမျိုး ခေါ်တာမျိုးတော့ မရှိပါဘူး။ညဘက်အချိန်မတော် အပြင်ထွက်တာမျိုးဆိုတော့ တံတားပေါ်က အစောင့်စစ်သားတွေ ဒဏ်ရိုက်တာမျိုးတော့ရှိတယ်။ဘိတ်(မြိတ်)မြို့ပေါ်မှာတော့ လူငယ်တွေ ပေါ်တာဆွဲနေတဲ့သတင်းတွေ တစ်ခါတလေကြားရတယ်။ ကိုယ်လည်းမမြင်ရတော့ သေချာလည်းမသိဘူးကွယ်။
DW ။ စစ်မှုထမ်းပေါ်တာဆွဲတာတွေကြောင့် တခြားဒေသတွေမှာ လူငယ်တွေပြည်ပထွက်ကုန်ကြတာများတယ်ပေါ့နော် ။ အဒေါ်တို့ ရွာမှာရော ဒီလိုအခြေအနေတွေ ရှိလားရှင်။
ဖြေ ။ ရွာထဲမှာ လူငယ်တွေမရှိတာကြာပေါ့ကွယ်။မိဘတွေက စိတ်ပူပြီးထိုင်းကိုလွှတ်ကုန်ကြတယ်လေ။ရွာထဲမှာ တစ်ခုခုလုပ်ရင် ဦးဆောင်ဖို့လူငယ်တွေ သိပ်မရှိကြတော့ဘူး။ရွာမှာတော့ အရမ်းအခြေအနေ မဆိုးပေမယ့် မိဘဆိုတော့ ကိုယ့်သားသမီးကိုစိတ်ပူကြတယ်လေ။
DW ။ အဒေါ်တို့ရွာထဲကလူငယ်တွေ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရဖူးလားရှင်။
ဖြေ ။ ၃ယောက်လား မသိဘူး။မိဘတွေထိန်းသိမ်းမနိုင်ဘူး။ စစ်မှုထမ်းထဲထည့်လိုက်တာ တအားဆိုးလို့လေ။ မူးယစ်ဆေးဝါးတွေ သုံးပြီးကြောင်နေလို့ ထည့်လိုက်တာ။ကိုယ့်သဘောနဲ့ ဝင်တဲ့သူလည်းရှိတယ်။ အတင်းဖမ်းဆီးခေါ်တာမျိုးတော့ မရှိသေးပါဘူး အခုအချိန်အထိ။ခေါ်ဖို့လည်း လူငယ်တွေမှမရှိကြတာ လူအိုတွေချည်းပဲ။
DW ။ နောက်ထပ်ဘာများဖြည့်စွတ်ပြောချင်သေးလဲရှင်။
ဖြေ ။ လူငယ်တွေပြည်ပထွက်ကုန်တာ ကြီးကြီးအနေနဲ့တော့ ပိုကောင်းတယ်ထင်တယ်။ကြောက်စိတ်နဲ့ဟိုပြေးဒီပြေး မနေရတော့ဘူးပေါ့ကွယ်။ကြီးကြီးတို့ကတော့ အကြောက်တရားနဲ့ နေနေရတုန်းပဲကွယ်။အသက်ကြီးလာလေ သေနတ်သံတွေ ဖမ်းဆီးတဲ့ သတင်းတွေကြားရရင် ရင်ထဲ နေမကောင်းဘူး။ညညဆိုလည်း တော်ရုံနဲ့ အိပ်မပျော်။ အိမ်ထောင်ကျသွားတဲ့သားတွေကိုလည်းစိတ်ပူရတယ်။







