ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းပျံသန်းမှုနှင့်ဆက်စပ်ပြီး ဒရုန်း ၂၅၀၀ ကျော် ထပ်မံသိမ်းဆည်းခံရ

December 23, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ဒရုန်းပျံသန်းမှုနှင့် ဆက်စပ်၍ နောက်ထပ် ဒရုန်းအစင်းရေ ၂၅၀၀ ကျော်ကို ထပ်မံတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် အမည်မသိ ဒရုန်းပျံသန်းမှု စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က တပ်ဖြန့်ရှာဖွေစစ်ဆေးခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့်အတူ အမျိုးသား ရုပ်မြင်သံကြားနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) တို့ ပူးပေါင်းရှာဖွေရာမှ ဒရုန်း ၂၅၀၀ ကျော်ကို သိုလှောင်ထားသော ဂိုထောင်တစ်ခုကို တွေ့ရှိကြောင်း ဖော်ပြသည်။

ဒရုန်းများသည် ယူကရိန်းထုတ် မော်ဒယ်နှင့် ဆင်တူပြီး ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် မှောင်ခိုတင်သွင်းလာခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။

ဒရုန်းများကို ထိုင်းနိုင်ငံထဲ ဖြန့်ဝေရန် စီစဉ်ထားပုံရပြီး မဖြန့်ဝေမီ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။

အဆိုပါဒရုန်းများကို တွေ့ရှိမှုက ထိုင်းနိုင်ငံအတွက် နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုဖြစ်နေကြောင်း ဆိုသည်။

လက်ရှိတွင် သိမ်းဆည်းရမိသော ဒရုန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးဘဲ နောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၃ တွင်ပင် လေဆိပ်အနီး ဟိုတယ်တစ်ခုတွင် ဒရုန်း ၁၀ စင်းနှင့်အတူ မြန်မာနိုင်ငံသား လေးဦး ဖမ်းဆီးခံရသေးသည်။

ဒရုန်းအစိတ်အပိုင်းများကို ဖြုတ်ပြီး လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်သယ်သွား၍ စစ်ကော်မရှင်ထံ ရောင်းချရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံသားများ၏ ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

လေဆိပ်အနီး ဒရုန်းပျံသန်းမှုနှင့် ဆက်စပ်၍ ရှာဖွေခဲ့ရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဂိုထောင်ထဲ သိမ်းဆည်းရမိသော ဒရုန်းများနှင့် မြန်မာနိုင်ငံသားများ ဆက်စပ်မှု ရှိမရှိကိုမူ သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

Ref: The Nation Thailand, Khaosod English