ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် ကျန်းမာရေးလမ်းတွင် အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့်သေဆုံး

December 23, 2025

ပုံစာ - ကျန်းမာရေးလမ်း။ ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့၊ မြို့ရှောင်လမ်းဖြစ်သည့် ကျန်းမာရေးလမ်းတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။

သေဆုံးသူသည် ကျောက်မော်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၁နှစ်အရွယ်ရှိ ဒေါ်မို့မို့အေးဖြစ်ပြီး ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရရှိကာ လမ်းဘေးတွင် လဲကျနေသည်ကို ယနေ့ နံနက် ၅နာရီခွဲခန့်တွင် မြို့ခံအချို့က တွေ့ရှိကြောင်း ၎င်းတို့က ပြောသည်။

ထို့နောက် အဆိုပါအမျိုးသမီးကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် နာရီပိုင်းအကြာတွင်ပင် သေဆုံးကြောင်းမြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“သူအိမ်က (သူ) မလာလို့ လိုက်စုံစမ်းတော့မှာ ထားဝယ်ဆေးရုံကြီးမှာ သွားတွေ့တယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။

မြို့ခံအချို့ကမူ အဆိုပါအမျိုးသမီးမှာ ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိကာ သေဆုံးခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ဦးခေါင်း ယာဘက် ဖူးရောင်ပြီး ပါးစပ်မှ သွေးများထွက်နေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံအချို့က ဆိုသည်။

ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့ နှင့် နီးစပ်သူအချို့ကို မေးမြန်းစုံစမ်းကြည့်ရာတွင်လည်း ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးကြောင်း ကနဦးကောက်ချက်ချထားပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေသည်ဟု ပြောဆိုသည်။

Dawei Watch က သေဆုံးသူအမျိုးသမီး၏ မိသားစုနှင့် အဆက်သွယ်ရရှိ ရန်ကြိုးစားခဲ့သော်လည်း အဆက်သွယ် မရရှိသေးပေ။

ရုပ်အလောင်းကို ထားဝယ်ဆေးရုံးကြီး၌ ယနေ့ နံနက်ပိုင်းက မှုခင်းဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်ပြီး နေအိမ်သို့ ပြန်လည် ယူဆောင်သွားကြောင်းမြို့ခံအချို့က ပြောသည်။

ယခု အခင်းဖြစ်ပွားသည့် ကျန်းမာရေးလမ်းတွင် ဆောင်းရာသီနှင့် နွေရာသီတို့၌ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကျန်းမာရေးအရ လမ်းလျှောက်သူ၊စက်ဘီးစီးသူများဖြင့် စည်ကားလေ့ရှိသည်။