ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ သတ်ဖြတ်ခံရပြီးနောက် ဘုတ်အဖွဲ့အောက်ရှိ ကျောင်းအားလုံးပိတ်ထား

December 23, 2025

ဓာတ်ပုံ - ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့

ပုလောမြို့နယ် ဘုတ်အဖွဲ့တာဝန်ခံ ဆရာမဒေါ်အေသီအောင်နှင့် ခင်ပွန်းတို့ သတ်ဖြတ်ခံရပြီးနောက် ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ လက်အောက်ရှိ စာသင်ကျောင်းအားလုံး ပိတ်ထားကြောင်း အဆိုပါ စာသင်ကျောင်းများရှိ ဆရာအချို့ထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးဆောင်ကာ ပုလောမြို့နယ်အတွင်း အထက်တန်းကျောင်း သုံးကျောင်းအပါအဝင် စာသင်ကျောင်း ၁၅ ကျောင်း ဖွင့်လှစ်ထားသည်။

ဒီဇင်ဘာလ ၁၆ ရက်မှစကာ အဆိုပါ စာသင်ကျောင်းအားလုံးကို ပိတ်ထားပြီး ဆရာမဒေါ်အေသီအောင်တို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရမှု အမှုမှန် ပေါ်ပေါက်ချိန်မှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သင်ကြားရေး ဆရာတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ အကုန်လုံး အစည်းအဝေးထိုင်ပြီးတော့ ဆရာမကြီးရဲ့ အမှုမှန် မပေါ်ပေါက်မချင်း ပညာရေးယန္တရား ရပ်ထားဖို့ ဆုံးဖြတ်ချက်ချလိုက်တာ” ဟု ၎င်းက ပြောဆိုသည်။

ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့သည် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁ နာရီခန့်တွင် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာရှိ နေအိမ်တွင် ဓားဖြင့်အသတ်ခံရသည်။

ဆရာမတို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိကြောင်း KNU တပ်မဟာ (၄)က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း မြေပြင်အခြေအနေများနှင့် ကွဲလွဲနေသည်ဟုဆိုကာ ထောက်ပြဝေဖန်မှုများရှိနေသည်။

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆရာမဒေါ်အေသီအောင်ကပင် ဘုတ်အဖွဲ့တာဝန်ခံအဖြစ် တာဝန်ယူပြီး ပုလောမြို့နယ်အတွင်း ပညာရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ဆရာမကြီး သတ်ဖြတ်ခံရပြီးနောက် အခြား ဆရာ၊ ဆရာမများ၏ လုံခြုံရေးအတွက်ပါ ထည့်သွင်းစဥ်းစားပြီး ပညာရေးလုပ်ငန်းများ ရပ်နားထားခြင်းဖြစ်ကြောင်း အထက်ဖော်ပြပါ သင်ကြားရေးဆရာက ပြောသည်။

“ဆရာမကြီးက ရုတ်တရက်ကြီး လုပ်ကြံသတ်ဖြတ်ခံရတာဆိုတော့ ဆရာ၊ ဆရာမတွေရဲ့ စိတ်ထဲမှာ မလုံခြုံမှု ဖြစ်လာ တာပေါ့။ စိုးရိမ်စရာတွေဖြစ်လာတယ်။ ဒါတွေကိုလည်း ထည့်သွင်းစဥ်းစားပြီးတော့ ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ဆုံးဖြတ်လိုက်တာ” ဟု ၎င်းက ပြောဆိုသည်။

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း ဆရာမကြီး သတ်ဖြတ်ခံရမှုသည် တော်လှန်ရေးနယ်မြေအတွင်း ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် CDM ဝန်ထမ်းများအတွက် မလုံခြုံမှုကို ဖော်ပြနေကြောင်း ဒီဇင်ဘာလ ၂၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် CDM ဝန်ထမ်းများအား အကာအကွယ်ပေးရန်နှင့် ဆရာမကြီး၏ အမှုမှန် ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုထုတ်ပြန်ထားသည်။

ပညာရေးလုပ်ငန်းများ ရပ်တန့်ထားရသည့်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်ရေး အခက်အခဲကြောင့် အဆက်အသွယ် မရရှိခဲ့သေးပေ။

ဆရာမကြီး သတ်ဖြတ်ခံရမှုနှင့် စာသင်ကျောင်းများ ပိတ်ထားရခြင်းကြောင့် ဒေသတွင်းရှိ ကလေးငယ်များ၏ ပညာရေးအတွက် များစွာထိခိုက်ရကြောင်း သင်ကြားရေးဆရာ အခြားတစ်ဦးက ဆိုသည်။

“ကျွန်တော်ကြားရတာကတော့ ကျောင်းတွေအကုန် ပိတ်ထားရတဲ့အပြင် အချို့ဆရာတွေဆို ထိုင်းထဲ ထွက်သွားတော့မယ့် အထိကို ပြောနေတာတွေကြားတယ်” ဟု ၎င်းက ပြောသည်။

ဆရာမ ဒေါ်အေသီအောင် သတ်ဖြတ်ခံရခြင်းကို ဖော်ထုတ်နိုင်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် KNU အပြင် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသအတွင်းရှိ အခြားတော်လှန်ရေးအင်အားစုများပါဝင်ပြီး လက်ရှိအချိန်ထိ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်း သိရသည်။