ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ကော်မရှင်ထံ ရောင်းချမည့် ဒရုန်းများ သယ်ဆောင်သည့် မြန်မာလေးဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

December 23, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သော သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ဒရုန်း ပျံသန်းမှုနှင့် ဆက်စပ်ပြီး ရှာဖွေရာမှ မြန်မာနိုင်ငံသားလေးဦးကို ယနေ့ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၂၁ ရက်က သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းပျံသန်းမှု စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က တပ်ဖြန့်ရှာဖွေ စစ်ဆေးစဉ် မြန်မာနိုင်ငံသားလေးဦး ဒရုန်းများနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားလေးဦးကို ဘန်ကောက်မြို့ လတ်ကရန်ဘန်နယ်မြေ Grand BS Airport ဟိုတယ်တွင် DJI အမျိုးအစား ဒရုန်း ၁၀ စင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၃ မှ ၃၄ နှစ်အရွယ် ကိုဇွဲထက်အောင်၊ ကိုစနေလင်းထက်၊ ကိုကျော်ဇင်ဟိန်းနှင့် ကိုသိန်းဇော် တို့ ဖြစ်ကြသည်။

ကယ်ဗင်ဇူးအမည်ရှိ မြန်မာနိုင်ငံသားက ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဝယ်ယူခဲ့သော ဒရုန်းများကို မြန်မာနိုင်ငံသားလေးဦးက ဟိုတယ်တွင် လက်ခံရယူထားသည်ဟု ထွက်ဆိုထားကြောင်း ဖော်ပြသည်။

ဒရုန်းအစိတ်အပိုင်းများကို ဖြုတ်၍ လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်သယ်သွားရန် စီစဉ်ထားကြောင်း ဆိုသည်။

ယင်းဒရုန်းများကို စစ်ကော်မရှင်ထံ ရောင်းချရန် စီစဉ်ထားပြီး ဒရုန်းတစ်စင်း၏ တန်ဖိုးမှာ ဘတ် ငါးသိန်းခန့် ဈေးပေါက်နေကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် ဒရုန်းများကို သိမ်းဆည်းထားပြီး ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို နေထိုင်ခွင့် ဗီဇာကို ပြန်ရုပ်သိမ်းထားကာ လတ်ကရဘန်ရဲစခန်းသို့ ပို့ဆောင်စစ်ဆေးနေကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: MGR Online, CH 7, Khaosod, The Thaiger, Bangkok Post