ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူတွင် တိုက်ပွဲဖြစ်ပြီး သားအမိနှစ်ဦးသေဆုံး၊ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန်ရ

December 23, 2025

ပုံစာ - ဇီးကျရွာအတွင်း တစ်နေရာ။

ရေဖြူမြို့နယ်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သား နှစ်ဦးသေဆုံးကာ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ညင်းထွေးကျေးရွာနှင့် ဇီးကျကျေးရွာကြားလမ်း၏ အရှေ့ ဘက် နှစ်ဖာလုံခန့်အကွာတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၇နာရီခွဲခန့်မှစ၍ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

သန်းကုန်း (မိုးကုတ်) ဝိပဿနာရိပ်သာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်အား တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။

ယင်းတိုက်ပွဲအတွင်း ရိပ်သာအနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် အသက် ၉ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးကာ နောက်ထပ် ကလေးငယ် လေးဦးအပါဝင် ဒေသခံ ကိုးဦးခန့် ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အရင်ကလည်း (တိုက်ပွဲ) တစ်ခါဖြစ်ခဲ့ဖူးတယ်၊ အဲဒီနေရာ။ အခုသေသွားတာက မိသားစုဝင်နှစ်ဦး။ မိန်းမကြီးတစ်ယောက် နဲ့ သူ့ကလေး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက် ဒဏ်ရာရရှိထားသည့် ဒေသခံများမှာ အရေးပေါ် ဆေးဝါးအကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်တပ်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ယနေ့ နံနက် ၁၀ နာရီခွဲအထိ သုံးနာရီခန့်အကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း စုံစမ်းသိရသည်။

“၁၀နာရီကျော်အထိ လက်နက်ကြီးပစ်နေတုန်း။ ဒရုန်းတွေလည်း ပျံနေတာတွေ့ရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်နေချိန် ခရီးသွားဒေသခံအချို့မှာလည်း လမ်းခရီးတွင် ပိတ်မိနေခဲ့ကြရကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁၈ ရက်တွင်လည်း ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်။

ယင်းနောက် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ယနေ့ တိုက်ပွဲဖြစ်သည့် သန်းကုန်း (မိုးကုတ်)ဝိပဿနာ ရိပ်သာတွင် လာရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။