ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျွန်းစုတွင် ဖမ်းဆီးခံရသည့် ကျေးရွာတာဝန်ခံတစ်ဦး အလောင်းပြန်တွေ့

December 23, 2025

ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ခိုတောင်ရွာတွင် စစ်ကော်မရှင် လက်အောက်ခံ ကျေးရွာတာဝန်ခံတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်တွင် အလောင်းပြန်တွေ့ကြောင်း ဒေသခံများက ပြောသည်။

ခိုတောင်ကျေးရွာတာဝန်ခံ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမင်းမင်းနိုင်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒီဇင်ဘာလ ၁၉ ရက်ညတွင် နေအိမ်၌ ဝင်ရောက်ဖမ်းဆီးပြီး စက်လှေဖြင့် ခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

“အလောင်းက ပျူစောထီးတွေဘက်က ဆယ်တယ်။ တစ်နေ့ကျော်လောက်တော့ ကြာသွားတာပေါ့။ ရေထဲကပဲ ပြန်ဆယ် ရတယ်။ ပျူစောထီးတွေပဲ အသုဘကိစ္စ လုပ်နေကြတာ။ ဘာဒဏ်ရာနဲ့ သေလဲတောင် မသိရဘူး” ဟု ကျွန်းစု ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ဦးမင်းမင်းနိုင်သည် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ် ကြံ့ခိုင်ရေးပါတီက ဝင်ရောက်ယှဥ်ပြိုင်မည့် ဦးသိန်းလွင်နှင့် ဆွေမျိုးတော်စပ်သူဖြစ်ပြီး အဖမ်းမခံရမီ ရက်ပိုင်း အလိုတွင် ခိုတောင်ရွာ၌ ကြံ့ခိုင်ရေးပါတီက လာရောက် မဲဆွယ်ခဲ့သေးကြောင်း ရွာသားများက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ဦးမင်းမင်းနိုင်က ကူညီဆောင်ရွက်ပေးမှုများ ရှိကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဌာနကမူ ဦးမင်းမင်းနိုင်သည် ခိုတောင်ရွာ၏ ကျေးရွာခွဲတာဝန်ခံတစ်ဦးဖြစ်ပြီး PDF များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံ Dawei Watch က ဆက်သွယ်မေးမြန်းရာ စုံစမ်းနေဆဲဖြစ်ကြောင်း ဖြေကြားသည်။

“(ဘယ်အဖွဲ့က ဖမ်းဆီးခဲ့တယ်ဆိုတာ) လောလောဆယ်တော့ မသိသေးဘူးဗျ။ သတင်းစုံစမ်းနေပါတယ်။ သတင်းရရင် ကျွန်တော်တို့ ထုတ်ပြန်မှာပါ။ ဒီလူ(ဦးမင်းမင်းနိုင်) က ရွာမှာ စစ်မှုထမ်းကြေး မပေးမနေရခြိမ်းခြောက် ကောက်ခံနေတဲ့သူလို့ သိရတယ်။ စကမလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် မဲမထည့်မနေရ ပြည်သူတွေကို ခြိမ်းခြောက်တယ်။ သူကြောင့်ထွက်ပြေး တိမ်းရှောင်နေရတဲ့သူတွေရှိတယ်” ဟု ကျွန်းစု ပကဖ တာဝန်ခံက ပြောသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကျွန်းစုမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက ဆန့်ကျင်ကြောင်း ဖော်ပြထားကြပြီး ပါဝင်ပတ်သက်သူများကိုလည်း အရေးယူမည်ဟု ကြေညာထားသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်ကလည်း ကျွန်းစုမြို့နယ်ရှိ ဒေါင်းနက်အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၅၀ ဦးကို နိုဝင်ဘာလက ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် ကံမော်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်။

စစ်အုပ်စုက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် တနင်္သာရီတိုင်းတွင် အမှုဖွင့်ထားသူ ငါးဆယ်ကျော်ရှိသည်။

တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် လက်နက်ကိုင်တပ်ဖွဲ့များကလည်း ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သည် ဟုဆိုကာ အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ငါးဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသားသုံးဦးမှာ အဖမ်းခံရပြီးနောက် သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။