ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၄) က ထုတ်ပြန်လိုက်သည်။
သို့သော် ထုတ်ပြန်ချက်ပါ ဖြစ်စဉ်များမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေသဖြင့် လက်မခံနိုင်ဟု ဆရာမကြီးနှင့် နီးစပ်သူများက ထောက်ပြပြောဆိုသည်။
ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့သည် ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၁ နာရီခန့်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာရှိ နေအိမ်တွင် ဓားဖြင့်ခုတ်သတ်ခံခဲ့ရသည်။
ဆရာမတို့ ဇနီးမောင်နှံကို သတ်ဖြတ်မှုမှာ ကျူးလွန်ပါဝင်သူ ၄ ဦးကို ဒီဇင်ဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး လုပ်ငန်းကော်မတီက ဒီဇင်ဘာလ ၂၁ ရက်နေ့ညက ထုတ်ပြန်သည်။
ကျူးလွန်သည်ဆိုသူ ၄ ဦးသည် KNU တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅) တွင် အချုပ်ကျခံနေရသူများဖြစ်ပြီး အချုပ်မှ ထွက်ပြေးသွားသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့ ၄ ဦးသည် စစ်အာဏာရှင်တပ်က စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး ပလောက်မြို့ရှိ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ထွက်ပြေးလာကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
“ထွက်ပြေးပြီးနောက်မှ ကျွန်တော်တို့ဆီ ရောက်လာတယ်၊ လက်ခံထားတဲ့အချိန်မှာ သူတို့က အကျင့်မကောင်းဘူး၊ ဆေးသုံးတယ်၊ ပြီးရင် ခိုးတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က အချုပ်ခန်းထဲမှာထည့်တယ်၊ ထည့်ထားတဲ့အချိန် ထွက်ပြေးသွားတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။
KNU ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ထံမှ ထွက်ပြေးသွားသူ ၄ ဦးထဲမှ တစ်ဦးသည် ဒီဇင်ဘာ ၁၅ ရက် ညတွင် ဆရာမ ဒေါ်အေသီအောင်၏ နေအိမ်တွင် ထမင်းဝင်တောင်းရာ မကျွေးသဖြင့် ဆရာမကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် အော်ဟစ်သံကြားသဖြင့် ဆရာမ၏ ခင်ပွန်းဖြစ်သူမှ ထွက်လာကြည့်သည့်အချိန်တွင် ကျန် သုံးဦးမှ ချုပ်နှောင်ပြီး ခင်ပွန်းဖြစ်သူကိုပါ သတ်ဖြတ်ခဲ့သည်ဟု ကျူးလွန်သူများက ထွက်ဆိုကြောင်း KNU က ထုတ်ပြန်ထားသည်။
သို့သော် ဆရာမ ဒေါ်အေသီအောင်နှင့် နီးစပ်သူအချို့က ကျူးလွန်သူများကို ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ KNU ၏ ထုတ်ပြန်ချက်အပေါ် သံသယ ရှိနေကြသည်။
ဆရာမ ဒေါ်အေသီအောင်၏ အော်ဟစ်သံကြားသည့် အချိန်မှ သူ့ခင်ပွန်းဖြစ်သူက ရောက်ရှိလာသည်ဆိုကို သံသယရှိကြောင်း ဆရာမကြီးနှင့် နီးစပ်သည့်အပြင် ဆရာမကြီး၏ နေအိမ်သို့ ရောက်ဖူးသူတစ်ဦးက ပြောသည်။
“အိမ်က သေးသေးလေးပဲ၊ မြေစိုက်တဲလေး၊ အရှေ့မှာ စျေးဆိုင်ရောင်းတယ်၊ အိမ်ခန်းက ကျဥ်းကျဥ်းလေးပဲ၊ သူတို့က ထမင်းလာတောင်းစားတယ်ဆိုတော့ အဲဒီအချိန်က လင်မယားနှစ်ယောက် အတူတူအိပ်နေမယ့်အချိန်ပဲ၊ ဆရာမကြီးက မကျွေးတဲ့အချိန်မှ သူ့လင်က ဝင်လာတယ်ဆိုတာကြီးက တော်တော်လေးမဖြစ်နိုင်တာ” ဟု ၎င်းကဆိုသည်။
Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သည့် ဆရာမ ဒေါ်အေသီအောင်နှင့် နီးနီးကပ်ကပ်ရှိသူ နှစ်ဦးက ဆရာမကြီး သတ်ဖြတ်ခံရမှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ခံရသည်ဟု ယူဆကြောင်း ပြောသည်။
“ဒီကိစ္စက ရုတ်တရက်ချက်ချင်း ဖြစ်သွားတာမျိုးလို့ ကျွန်တော်တော့မမြင်ဘူး၊ သေသေချာချာစီစဥ်ပြီးတော့ အလစ်ကိုချောင်းနေပြီး အငိုက်မိမှ ဝင်တွယ်သွားတဲ့ပုံစံလို့ ကျွန်တော်တော့ မြင်တယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
ဆရာမကြီးတို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) မြိတ်ခရိုင်တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေး မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။
KNU ၏ ထုတ်ပြန်ချက်သည် မြေပြင်တွေ့ရှိချက်များနှင့် မကိုက်ညီသဖြင့် မယုံကြည်ကြောင်း ဆရာမကြီးနှင့် နီးစပ်သူ နောက်ထပ်တစ်ဦးက ပြောသည်။
“မြေပြင်အခြေအနေနဲ့ တက်တက်စင်အောင်ကို လွဲတာ၊ ကျွန်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ မပါတော့ ဒီလောက်ပဲပြောလို့ရမယ်၊ စစ်ဆေးရေးအဖွဲ့ထဲ KNU လည်းပါတယ်၊ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး KNU က သူတို့ပဲ ထုတ်ပြန်လိုက်တာလဲဆိုတာတော့ ကျွန်တော်လည်းမသိဘူး” ဟု ၎င်းကဆိုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲတွင် KNU အပြင် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသအတွင်းရှိ အခြားတော်လှန်ရေးအင်အားစုများပါဝင်ပြီး လက်ရှိအချိန်ထိ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်းလည်း ၎င်းကပြောသည်။
KNU ၏ ထုတ်ပြန်ချက်သည် စုံစမ်းဖော်ထုတ်မှု၏ ရလဒ်များဖြစ်ပြီး ထုတ်ပြန်ချက်အပေါ် လက်မခံခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုဖို့မရှိကြောင်း ပဒိုစောအယ်နားက ပြောသည်။
“သူတို့လက်မခံတာက သူတို့အမြင်ပေါ့နော်၊ ကျွန်တော်တို့မှာလည်း တရားမျှတမှုကို အကောင်ထည်ဖော်တာပဲ၊ ပြစ်မှုကျူးလွန်သူတွေကိုတော့ ဆရာမကြီးရဲ့ တရားမျှတမှုအတွက် ကျွန်တော်တို့ KNU အဖွဲ့အစည်းအနေနဲ့ ကော်သူးလေဥပဒေအတိုင်း အရေးယူမှာပေါ့နော်” ဟု ၎င်းက ဆိုသည်။
အထက်ပါ ဆရာမကြီးနှင့် နီးစပ်သူဆိုသူနှစ်ဦးသည် ဆရာမကြီးနှင့် နီးနီးကပ်ကပ်ရှိသည့်အပြင် တော်လှန်ရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်နေသူများဖြစ်ပြီး လုံခြုံရေးအခြေအနေများအရ အဖွဲ့အစည်းအမည် ထည့်သွင်းမဖော်ပြခြင်းဖြစ်သည်။







