အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ရရှိရန် လိုအပ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထပ်လောင်းပြောကြားလိုက်သည်။
ယင်းလုပ်ငန်းစဉ်အတွက် ၎င်း ခန့်အပ်ထားသည့် ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်က ရှေ့တန်းမှ ဦးဆောင်သွားမည်ဟု သမ္မတထရမ့်က ဆိုသည်။
“ကျွန်တော်တို့ ဂရင်းလန်းကျွန်းကို လိုချင်တာက သယံဇာတအတွက် မဟုတ်ဘဲ အမျိုးသားလုံခြုံရေးအတွက်ပါ။ ဂရင်းလန်းကျွန်းရဲ့ ကမ်းရိုးတန်းတစ်လျှောက်ကို ကြည့်လိုက်ရင် ရုရှားနဲ့ တရုတ်သင်္ဘောတွေ နေရာအနှံ့ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကို ကျွန်တော်တို့ ရဖို့ မဖြစ်မနေ လိုအပ်ပါတယ်” သမ္မတထရမ့်က ပြောကြားခဲ့သည်။
ဂျက်ဖ်လန်ဒရီကလည်း ယင်းလုပ်ငန်းစဉ်ကို ဦးဆောင်ရန် ဆန္ဒရှိနေကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
သမ္မတထရမ့်သည် လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖြစ် တနင်္ဂနွေနေ့က ခန့်အပ်ခဲ့သည်။
သယံဇာတကြွယ်ဝသည့် ဂရင်းလန်းကျွန်းအပေါ် ဝါရှင်တန်၏ စိတ်ဝင်စားမှုနှင့် ပတ်သက်၍ ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းဘက်မှ ဝေဖန်မှုများ တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့သည်။
ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရေး သမ္မတထရမ့်က တိုက်တွန်းပြောဆိုလျက် ရှိသည်။
ဂရင်းလန်းကျွန်း၏ မဟာဗျူဟာမြောက် အရေးပါမှုနှင့် သယံဇာတ အရင်းအမြစ်များကို ရည်ညွှန်းကာ ထရမ့်က ယင်းသို့ ပြောဆိုလျက် ရှိသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် လူဝီစီယားနားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်စတင်ထမ်းဆောင်ခဲ့သည့် ဂျက်ဖ်လန်ဒရီကလည်း သမ္မတထရမ့်၏ အဆိုပါ ပြောဆိုမှုများကို လူသိရှင်ကြား ထောက်ခံထားသူ ဖြစ်သည်။
ဂရင်းလန်းကျွန်းကို ဂရင်းလန်းပြည်သူများသာ ပိုင်ဆိုင်ကြောင်း ပူးတွဲကြေညာချက်တစ်ရပ်ကို ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒရစ်ဆင်နှင့် ဂရင်းလန်းဝန်ကြီးချုပ် ယန်းစ်-ဖရက်ဒရစ် နီလ်ဆင်တို့က ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။
“အခြားနိုင်ငံတစ်ခုကို ခင်ဗျားတို့ အတင်းအဓမ္မသိမ်းယူလို့ မရဘူး။ နိုင်ငံတကာလုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့တောင် တခြားနိုင်ငံတစ်ခုကို အတင်းအဓမ္မ သိမ်းယူခွင့် မရှိဘူး။ ဂရင်းလန်းကျွန်းဟာ ဂရင်းလန်းပြည်သူတွေနဲ့ပဲ သက်ဆိုင်တယ်။ အမေရိကန်က လွှမ်းမိုးသိမ်းပိုက်တာမျိုး လုပ်လို့မရဘူး” ဟု ၎င်းတို့က ဆိုသည်။
Source: Reuters







