ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အဏုမြူစွမ်းအင်စက်ရုံ ပြန်လည်ပတ်မည်

December 23, 2025

အဏုမြူစွမ်းအင်ကဏ္ဍသို့ ပြန်လည်ခြေလှမ်းပြင်လာသည့် ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးအဏုမြူစွမ်းအင်စက်ရုံ လည်ပတ်မှုကို ပြန်လည်စတင်တော့မည် ဖြစ်သည်။

ဂျပန်နိုင်ငံ နီဂါတာခရိုင်ရှိ ရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံကို လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ရန် အဆိုပါ ခရိုင်လွှတ်တော်က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မဲခွဲဆုံးဖြတ်လိုက်သည်။

ယင်းမှာ ဖူကူရှီးမားအဏုမြူဓာတ်ပေါင်းဖို ဘေးအန္တရာယ်နောက်ပိုင်း ၁၅ နှစ်နီးပါးအကြာတွင် ပေါ်ထွက်လာသည့် ဂျပန်နိုင်ငံ၏ အရေးပါသည့် အလှည့်အပြောင်းတစ်ခု ဖြစ်သည်။

တိုကျိုမြို့၏ အနောက်မြောက်ဘက် ၁၃၆ မိုင်ခန့်အကွာတွင် တည်ရှိသည့် ကာရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံသည် ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးသွားပြီးနောက် ပိတ်သိမ်းခဲ့ရသည့် အဏုမြူဓာတ်ပေါင်းဖို ၅၄ ခုအနက် တစ်ခု ဖြစ်သည်။

၂၀၁၁ ခုနှစ် ငလျင်နှင့် ဆူနာမီဘေးကြောင့် ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးမှုသည် ချာနိုဘိုင်းအဏုမြူပေါက်ကွဲမှုနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်ခဲ့သည်။

ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးသွားပြီးနောက် ဂျပန်နိုင်ငံသည် ပြည်ပမှ တင်သွင်းရသည့် ရုပ်ကြွင်းလောင်စာဆီအပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် ဆက်လက်လည်ပတ်နိုင်စွမ်းရှိသေးသည့် အဏုမြူဓာတ်ပေါင်းဖို ၃၃ ခုအနက် ၁၄ ခုကို ပြန်လည်ပတ်ခဲ့ပြီး ဖြစ်သည်။

ယခု လုပ်ငန်းပြန်လည်ပတ်တော့မည့် ကာရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံသည် ပျက်စီးဆုံးရှုံးသွားသော ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖိုကို တာဝန်ယူခဲ့သည့် တိုကျိုလျှပ်စစ်စွမ်းအားကုမ္ပဏီ (TEPCO) က တာဝန်ယူ၍ ပြန်လည်လည်ပတ်မည့် ပထမဆုံးသော စက်ရုံ ဖြစ်သည်။

ကာရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံကို ပြန်လည်လည်ပတ်ရန် နီဂါတာခရိုင်အုပ်ချုပ်ရေးမှူး ဟိဒဲယိုဟာနာဇူမီက ပြီးခဲ့သည့်လက ထောက်ခံခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ခရိုင်လွှတ်တော်က ယနေ့ တနင်္လာနေ့တွင် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။

ယင်းကြောင့် အဆိုပါ စက်ရုံပြန်လည်ပတ်နိုင်ရန် အမှန်တကယ် လမ်းပွင့်သွားခဲ့ပြီ ဖြစ်သည်။

ယနေ့ မဲခွဲဆုံးဖြတ်မှုမတိုင်မီတွင် သက်ကြီးပိုင်းအများစုပါဝင်သည့် ဆန္ဒပြသူ ၃၀၀ ဝန်းကျင်က နီဂါတာခရိုင်လွှတ်တော်ရှေ့၌ စုဝေးကာ “အဏုမြူ အလိုမရှိ” ၊ “ကာရှီဝါဇာကီ-ကာရီဝါ ပြန်လည်ပတ်မှုကို ဆန့်ကျင်ကြ” စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

Source: Reuters