အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုသည့် ယူကရိန်းစစ်အဆုံးသတ်ရေး အစီအစဉ်မူကြမ်းကို ဆွေးနွေးရန် ယူကရိန်းနှင့် အမေရိကန်တို့ မကြာမီ ဆွစ်ဇာလန်နိုင်ငံတွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း ယူကရိန်းဘက်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ စစ်ပွဲအဆုံးသတ်ရေးအစီအစဉ်မူကြမ်းတွင် ရုရှားဘက်က အဓိကတောင်းဆိုချက်များကို လိုက်လျောထား ခြင်းကြောင့် ယင်းကို ပြင်ဆင်နိုင်ရန် ယူကရိန်းဘက်က ကြိုးပမ်းလျက် ရှိသည်။
အချက် ၂၈ ချက်ပါ အဆိုပါ မူကြမ်းကို ယူကရိန်းဘက်က အတည်ပြုနိုင်ရန် ယူကရိန်းကို အမေရိကန်ဘက်က ပေးထားသည့် အချိန်မှာ တစ်ပတ်ပင် မပြည့်ပေ။
အဆိုပါ မူကြမ်းအရ ရုရှား၏ ကျုးကျော်တိုက်ခိုက်မှုကို ခံရသည့် ယူကရိန်းက မိမိနယ်မြေများကို ရုရှားလက်သို့ စွန့်လွှတ်ရမည်ဖြစ်ပြီး ယူကရိန်းစစ်တပ်အင်အားကိုလည်း လျှော့ချရမည် ဖြစ်သည်။
ယင်းအပြင် ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့အတွင်းသို့ မည်သောအခါမျှ မဝင်ရောက်ရန်လည်း ကတိပြုရမည် ဖြစ်သည်။
အဆိုပါ မူကြမ်းကို ရေးဆွဲရာတွင် ယူကရိန်း၏ ဥရောပမဟာမိတ်များ ပါဝင်ခြင်း မရှိခဲ့ပေ။
အဆိုပါ မူကြမ်းသည် နောက်ထပ်ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း ယူကရိန်း၏ ဥရောပမဟာမိတ်များက ပြောဆိုထားသည်။
အဆိုပါ မူကြမ်းကို အစားထိုးနိုင်မည့် တန်ပြန်ကမ်းလှမ်းရေးအတွက် မူကြမ်းတစ်ခု ထွက်ပေါ်လာနိုင်ရန် ယူကရိန်း၏ မဟာမိတ်ဖြစ်သည့် ဥရောပနိုင်ငံများက အလျင်အမြန်ကြိုးစားလျက်ရှိကြောင်း AFP သတင်းတွင် ဖော်ပြသည်။
ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း ဥရောပနိုင်ငံခေါင်းဆောင်များနှင့် ဖုန်းပြောဆိုမှု အကြိမ်ကြိမ် ပြုလုပ်ကာ ဆွေးနွေးခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
နောက်ဆုံးအပြီးသတ်ထွက်ပေါ်လာမည့် စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်သည် ယူကရိန်း၏ အနာဂတ်ကို အကာအကွယ်ပေးနိုင်စေရန် မနားမနေ ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သမ္မတဇလန်းစကီးက ထုတ်ဖော်ပြောဆိုထားသည်။
Source: AFP







