BREAKING
October 23, 2025

မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းစ်အုပ်စုပွဲကစားရမယ့် နေ့နဲ့အချိန်ထွက်ပြီ

October 23, 2025

မြန်မာအမျိုးသမီးဘောလုံးအသင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲ အချိန်ဇယားထွက်ပေါ်လာခဲ့ပါပြီ။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ဒီဇင်ဘာလ ၅ ရက်နေ့ကိုရောက်ရင် အုပ်စုအဖွင့်ပွဲစဉ် စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်ကို ဖိလစ်ပိုင်နဲ့ ကစားရမှာပါ။ ဒီဇင်ဘာလ ၅ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ မြန်မာအမျိုးသမီးအသင်းအတွက် ဒီပွဲဟာ နောက်တစ်ဆင့်တက်ရောက်နိုင်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလည်း ဖိလစ်ပိုင်ကို အသည်းအသန်ကစားခဲ့ရပြီး တစ်ဂိုးစီသရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။

အာရှဖလားခြေစစ်ပွဲ ကျရှုံးခဲ့ပြီး အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒုတိယနဲ့သာကျေနပ်လိုက်ရတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို ဆီးဂိမ်းစ်မှာ ရလဒ်ကောင်း ရယူနိုင်ရေးအတွက် စုဖွဲ့လေ့ကျင့်ပြင်ဆင်နေပါတယ်။

လက်ရှိမှာဆိုရင်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို ဂျပန်နိုင်ငံမှာ စခန်းသွင်းလေ့ကျင့်ပေးနေပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်ကို ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ပြီးရင် အုပ်စုဒုတိယပွဲစဉ်အဖြစ် မလေးရှားကို ရင်ဆိုင်ရပါလိမ့်မယ်။ မလေးရှားနဲ့ပွဲစဉ်ကိုတော့ ဒီဇင်ဘာလ ၈ ရက်နေ့၊ ညနေ ၃ နာရီခွဲမှာ ယှဉ်ပြိုင်ရမှာပါ။

အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဗီယက်နမ် ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲမှာ ယှဉ်ပြိုင်ရမှာပါ။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအတွက် ဆီးဂိမ်းစ်အုပ်စုဟာ အုပ်စုကျပ်တဲ့သဘောမျိုး ဖြစ်လို့နေပါတယ်။ တကယ်လို့ အုပ်စုဗိုလ် မဖြစ်ခဲ့ဘဲ အုပ်စုဒုတိယသာရရှိခဲ့ရင် ဆီမီးဖိုင်နယ်မှာ မြန်မာအမျိုးသမီးအသင်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က အိမ်ရှင်ထိုင်းဖြစ်သွားဖို့ ရာခိုင်နှုန်းများနေပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။