စတမ့်ဖဲတက် ဟာ လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ONE 173 ပြိုင်ပွဲကြီးရဲ့ပွဲစဉ်အတွက် အင်တာဗျူးဖြေကြားချိန်မှာလည်း ဗရော်နီကာနဲ့ ထိုးခွင့်ရချင်တယ်ဆိုတာကို ထပ်ပြောသွားခဲ့ပါတယ်။
အခုမတိုင်ခင်ကလည်း စတမ့်ဖဲတက်ဟာ သူ့အနေနဲ့ တစ်နေ့နေ့ရောက်ရင် ဗရော်နီကာနဲ့ ထိုးခွင့်ရဖို့ မျှော်လင့်မိတဲ့အကြောင်း မီဒီယာတွေကို တစ်ကြိမ်ဖြေခဲ့ဖူးပြီးပါပြီ။
တိုက်စစ်ကို ရဲရဲတင်းတင်းဖွင့်ပြီး ကစားတတ်တဲ့ ဗရော်နီကာရဲ့ပုံစံကို သူ အရမ်းပဲ သဘောကျတယ်လို့လည်း စတမ့်ဖဲတက်က အသိပေးထားပါတယ်။ စတမ့်ဖဲတက်ဟာ ဒဏ်ရာပြဿနာကြောင့် ပွဲတွေမထိုးဘဲ အနားယူနေခဲ့ရတာ ၂ နှစ်ကျော်လာခဲ့ပါပြီ။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တောင်ကိုရီးယား ဖိုက်တာမလေး ဟမ်ဆိုဟီး ကို အနိုင်ကစားပြီးတဲ့နောက် စတမ့်ဖဲတက်က ဒဏ်ရာပြဿနာကြောင့် ပွဲဆက်ပြတ်တောက်သွားခဲ့တာပါ။
MMA နဲ့ ကစ်ဘောက်ဆင်ဘက်တွေမှာသာ ပွဲတွေထိုးနေခဲ့တဲ့ စတမ့်ဖဲတက်က ONE 173 ပြိုင်ပွဲကြီးမှာထိုးရမယ့်ပွဲစဉ်ပြီးရင် မွေထိုင်းဘက်ကို သူ ပြန်လာခဲ့မယ်လို့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
ONE 173 ပြိုင်ပွဲကြီးမှာ စတမ့်ဖဲတက်က ကစ်ဘောက်ဆင်ပွဲစဉ် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ONE ဟာ စတမ့်ဖဲတက်ကို ဂျပန်ဖိုက်တာမလေး ကာနာနဲ့ ပွဲတည်ပေးထားတာပါ။
ကာနာဟာ စတမ့်ဖဲတက်လောက် အတွေ့အကြုံပိုင်းဆိုင်ရာ အားမကောင်းပေမယ့် ဂျပန်နိုင်ငံမှာ ထိုးရမယ့်ပွဲဖြစ်နေလို့ ဂျပန်ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ နိုင်ပွဲရယူနိုင်ဖို့ ကြိုးစားနေပါတယ်။ စတမ့်ဖဲတက်ဟာ အခုမတိုင်ခင်က ONE 173 ပြိုင်ပွဲမှာ ခေါင်ပွဲထိုးဖို့အတွက် စီစဉ်ပေးတာ ခံခဲ့ရဖူးပါတယ်။
အဲ့ဒီတုန်းက ONE ဟာ ONE 173 ပြိုင်ပွဲကြီးကို အမေရိကန်ပြည်ထောင်စုမှာကျင်းပဖို့ ရည်ရွယ်ထားခဲ့တာပါ။ စတမ့်ဖဲတက်ကို ပေါင်းစည်းခါးပတ်လုပွဲအဖြစ် ဖိလစ်ပိုင်ဖိုက်တာမလေး ဇမ်ဘိုအမ်ဂါနဲ့ ပွဲတည်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ စတမ့်ဖဲတက်က ဒဏ်ရာပြဿနာ ထပ်ပေါ်လာလို့ ပွဲပျက်ရုံတင်မကဘဲ ပြိုင်ပွဲတစ်ခုလုံးကို ONE က ဖျက်သိမ်းပစ်ခဲ့ပါတယ်။ ဒါကြောင့် ONE 173 ပြိုင်ပွဲကြီးရဲ့ခေါင်းစဉ်အောက်မှာပါဝင်နေခဲ့တဲ့ စိုးလင်းဦးနဲ့ လီယန် ဟာရစ်ဆင်တို့ရဲ့တွဲဆိုင်းဟာလည်း အလိုလို ပွဲပျက်သွားခဲ့ရပါတယ်။
အဲ့ဒီနောက် ONE 173 ပြိုင်ပွဲကြီးကို ONE က ဂျပန်နိုင်ငံဆီ နေရာပြောင်းရွှေ့ ပွဲတည်လိုက်ပြီး ဒီပြိုင်ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ စတမ့်ဖဲတက်ကို ဂျပန်ဖိုက်တာမလေး ကာနာနဲ့ ပွဲတည်ပေးလိုက်ပေမယ့် စိုးလင်းဦးရဲ့ပွဲစဉ်ကတော့ ပြန်ပါဝင်မလာတော့ပါဘူး။
စတမ့်ဖဲတက်က အခုပွဲမှာ ကစ်ဘောက်ဆင် ထိုးပြီးရင် မွေထိုင်းဘက်ကို ပြန်ဦးလှည့်မယ်လို့ ပြောထားတာကြောင့်လည်း သူမနဲ့ ဗရော်နီကာရဲ့ ပွဲစဉ် တကယ်ဖြစ်မြောက်လာလေမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဗရော်နီကာကလည်း စတမ့်ဖဲတက်နဲ့သာ ပွဲထိုးခွင့်ရမယ်ဆိုရင် ဝမ်းပန်းတသာနဲ့ ကြိုဆိုလက်ခံသွားဖို့ အသင့်ပါလို့ ထုတ်ပြောထားပြီးသားပါ။
စတမ့်ဖဲတက်ဟာ မွေထိုင်းဘက်ကို ပြန်ဦးလှည့်ပြီး ပွဲထိုးဖြစ်မယ်ဆိုရင် အဲ့ဒီရည်ရွယ်ချက်က လာမယ့် ၂၀၂၆ ခုနှစ်ကိုရောက်မှသာ အကောင်အထည်ပေါ်လာဖို့ရှိနေပါတယ်။ ဒီလိုဆိုရင် စတမ့်ဖဲတက်အနေနဲ့ အချိန်အားဖြင့် ၅ နှစ်ခွဲကျော် ကြာမြင့်ပြီးမှ မွေထိုင်း ပြန်ထိုးတာ ဖြစ်လာပါလိမ့်မယ်။
စတမ့်ဖဲတက်ဟာ နောက်ဆုံးထိုးခဲ့တဲ့ မွေထိုင်းပွဲစဉ်မှာတုန်းက လက်ရှိခါးပတ်ပိုင်ရှင် အယ်လ်လီစီယာ ရိုဒရီဂွက်စ် ကို ရှုံးနိမ့်ခဲ့ရပါတယ်။
အယ်လ်လီစီယာ ရိုဒရီဂွက်စ်ကို ရှုံးခဲ့ပြီးတဲ့နောက်ပိုင်း စတမ့်ဖဲတက်က ပွဲစဉ် ၉ ပွဲ ဆက်ထိုးခဲ့ပေမယ့် အဲ့ဒီပွဲစဉ် ၉ ပွဲထဲမှာ မွေထိုင်းပွဲစဉ် တစ်ပွဲမှ မပါတော့ပါဘူး။ MMA ၈ ပွဲနဲ့ ကစ်ဘောက်ဆင် တစ်ပွဲသာ ပါရှိခဲ့ပါတယ်။
အခုတော့ စတမ့်ဖဲတက်က ONE 173 ပြိုင်ပွဲကြီး ထိုးပြီးရင် မွေထိုင်းဘက်ကို ပြန်လာမယ်၊ အရမ်းကို မာကျောပြီး တိုက်စစ်ကစားပုံလည်းကောင်းတဲ့ ဗရော်နီကာကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခွင့်လည်း ရချင်တယ်လို့ ဒုတိယအကြိမ်မြောက် ထပ်ပြောလာခဲ့ပြန်ပါပြီ။
ONE ဟာ စတမ့်ဖဲတက် တောင်းဆိုနေသလို စတမ့်ဖဲတက်နဲ့ ဗရော်နီကာ ကို ပွဲတည်ပေးဖို့ စဉ်းစားလာလေတော့မလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။