တနင်္သာရီမြို့နယ်၊ ဖာနီကျေးရွာတွင် စစ်အာဏာရှင်တပ်၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသဖြင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံ ခုနစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
အောက်တိုဘာလ ၂၂ရက် ည ၇နာရီဝန်းကျင်တွင် ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ က လက်နက်ကြီး နှစ်ကြိမ် ပစ်ခတ်ရာ ဖာနီရွာရှိ လူနေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဒဏ်ရာရသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးတွင် လက်တစ်ဖက်ပြတ်သွားပြီး ဝမ်းဗိုက်တွင်လည်း ကျည်စထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းအပြင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးမှာ ပေါင်အရိုးကျိုးကာ စိုးရိမ်ရပြီး ကျန်ငါးဦးတွင် ကျည်အစ စင်ပြီး ဒဏ်ရာရကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။
“လက်နက်ကြီးတစ်လုံးက ဖာနီလမ်းဆုံမှာကျပြီး အမျိုးသားတစ်ဦး ပေါင်ထိပြီးကျိုးသွားတယ်။ နောက်ထပ်က နေအိမ်ရှေ့ကျပြီး အိမ်ထဲမှာရှိတဲ့ ခြောက်ဦး ထပ်ထိသွားတယ်” ဟု ၎င်းက ပြောသည်။
အသက် ၂၁ နှစ် အမျိုးသမီးတစ်ဦး၊ အသက် ၂၁ နှစ်နှင့် ၂၂ အရွယ် အမျိုးသားနှစ်ဦး ၊ အသက် ၁ နှစ်ခွဲနှင့် ၅နှစ်အရွယ် ယောကျ်ားလေးနှစ်ဦးမှာ ခန္ဓာကိုယ်တွင် လက်နက်ကြီးအစများ ထိ၍ ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ဒဏ်ရာရသွားသည့် ဒေသခံများကို ဖာနီရွာမှ မြိတ်မြို့သို့ ညတွင်းချင်း ပို့ဆောင်လိုက်ကြောင်း ၎င်းက ပြောဆိုသည်။
“ဖာနီရွာကို စစ်ကြောင်းစထိုးတော့ ရွာသားအများစုရှောင်ကြပြီ။ အခုထိသွားတဲ့ ပြည်သူတွေက မတိမ်းရှောင်ဘဲ ကျန်နေခဲ့တဲ့ ရွာသားတွေဖြစ်တယ်”ဟု အထက်ပါ ဒေသခံက ဆက်လက် ပြောဆိုသည်။
စစ်အာဏာရှင်တပ်က အင်အား ၃၀ ဝန်းကျင်ဖြင့် ဖာနီရွာကို အောက်တိုဘာလ ၂၀ရက်တွင် စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေး တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစစ်ကြောင်း အနီးဝန်းကျင် ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ဆိုသည်။