သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ လဘကျေးရွာတွင် ယနေ့ အောက်တိုဘာဘ ၂၃ ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းကျေးရွာက နေအိမ်များကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးကြောင်း စစ်ရေးသတင်းအရင်းအမြစ်နှင့် ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၂၀ ရက်တည်းက သရက်ချောင်းမြို့အထွက် ဆင်ကူးရွာမှ ဘုတ်ကိုင်း၊ ဆင်ကျန်း၊ လဘ စသည့် ကျေးရွာ များကို စစ်အာဏာရှင်တပ်စစ်ကြောင်း ထိုးနေသည်။ ယင်းနောက် အောက်တိုဘာလ ၂၁ ရက်ကစပြီး မြိတ်-ထားဝယ် ကားလမ်းကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ထားသည်။
ယနေ့ အောက်တိုဘာလ ၂၃ရက် နံနက် ၉ နာရီခန့်တွင် နှစ်ဖက်ပစ်ခတ်သံများ စတင်ကြားရပြီး နံနက် ၁၀ နာရီခန့်တွင် လဘကျေးရွာက နေအိမ်များမီးရှို့ခံရခြင်းဖြစ်ကြောင်း အဆိုကျေးရွာနှင့် အနီးဝန်းကျင်ရှိ ပိတိုင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အိမ်တွေ မီးရှို့ခံရတယ်ဆိုတာပဲ သိတယ်။ ဘယ်နှစ်လုံး ရှို့ခံရလဲ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
ယနေ့ နံနက်တွင် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
တိုက်ပွဲကြောင့် လဘ၊ ဆင်ကျန်း၊ ပိတိုင်စသည့်ကျေးရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသဖြင့် နေအိမ်မည်မျှ မီးရှို့ခံရသည်ကို အသေးစိတ်မသိရသေးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုသည်။
နေ့လယ်ပိုင်းတွင် တိုက်ပွဲပြန်ငြိမ်နေပြီး မြိတ်-ထားဝယ်ကားလမ်း ပိတ်ထားဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်း အသုံးပြုပြီး စစ်ကြောင်းထိုးနေသည်။