BREAKING
October 23, 2025

ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် လွဲခဲ့သည့် သမ္မတထရမ့်ကို ငြိမ်းချမ်းရေးဗိသုကာဆု ပေးအပ်

October 23, 2025

၃၇ ယောက်မြောက် အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ ဖောင်ဒေးရှင်က ပေးအပ်သည့် ငြိမ်းချမ်းရေးဗိသုကာဆုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် ကျင်းပသော အခမ်းအနား၌ အောက်တိုဘာလ ၂၁ ရက်က လက်ခံရယူခဲ့ကြောင်း CBS သတင်းတစ်ရပ်က ဖော်ပြသည်။

အဆိုပါ ဆုကို သမ္မတထရမ့်အား ပေးအပ်ချီးမြှင့်ရာတွင် အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ သမီးဖြစ်သူ ထရစ်ရှာနစ်ဆန်ကော့ဇ် ၊ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ရောဘတ်အိုဘရိုင်ယန်နှင့် အမေရိကန်အစိုးရယာယီမော်ကွန်းထိန်း ဂျင်ဘိုင်ရွန်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဆုကို အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆန် ကွယ်လွန်ပြီး များမကြာမီ ၁၉၉၅ ခုနှစ်တွင် စတင်ပေးအပ်လာခြင်း ဖြစ်ကြောင်း ရစ်ချတ်နစ်ဆန်ဖောင်းဒေးရှင်၏ တရားဝင်ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။

သမ္မတဟောင်း ရစ်ချတ်နစ်ဆန်၏ “ပိုမိုငြိမ်းချမ်းသော ကမ္ဘာကြီးကို ပုံဖော်ဖန်တီးလိုသည့် တစ်သက်တာရည်မှန်းချက်ကို” ဖော်ဆောင်သူများအား ရည်ရွယ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း ဖော်ပြချက်တွင်ပါရှိသည်။

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုမချီးမြှင့်မီ နှစ်ရက်အလိုတွင် ထုတ်ပြန်ကြေညာခဲ့သည့် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် သမ္မတထရမ့်က အဓိကအခန်းကဏ္ဍတွင် ရှိကြောင်း CBS သတင်းတွင် ဖော်ပြခဲ့သည်။

ပဋိပက္ခပေါင်းများစွာတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို မိမိသာလျှင် ရရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အဆိုပါ ဆုကို ၎င်း မရရှိခဲ့ပေ။

ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုက ရရှိပြီးနောက်တွင် အိမ်ဖြူတော်ဆက်သွယ်ရေးဒါရိုက်တာစတီဗင်ချောင်က နိုဘယ်ဆုရွေးချယ်ရေးကော်မတီသည် ငြိမ်းချမ်းရေးထက် နိုင်ငံရေးကို ပိုဦးစားပေးရွေးချယ်ခဲ့ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။

၎င်းသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာချာဒိုအား ဖုန်းဆက်ဂုဏ်ပြုစကား ပြောဆိုခဲ့ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့ပြီး မာချာဒိုကလည်း အဆိုပါ ဆုကို သမ္မတထရမ့်ကသာ အမှန်တကယ် ထိုက်တန်ကြောင်း ပြောဆိုခဲ့သည်။

Source: CBS News