BREAKING
October 23, 2025

မြန်မာရှိ Starlink ၂၅၀၀ ကျော်ကို အီလွန်မတ်၏ SpaceX ကုမ္ပဏီက ဖြတ်တောက်

October 23, 2025

ပုံစာ - ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်အတွင်းရှိ KK Park အွန်လိုင်းငွေလိမ်စင်တာ၏ မြင်ကွင်းတစ်ခုကို စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - : AFP/Lillian SUWANRUMPHA

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် အသုံးပြုနေသည်ဆိုပြီး Starlink ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေးကိရိယာ ၂၅၀၀ ကျော်ကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်ကြောင်း အီလွန်မတ်၏ SpaceX ကုမ္ပဏီက အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် Starlink ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေးကိရိယာများ အသုံးပြုမှု အဆမတန် တိုးပွားလာနေကြောင်း AFP သတင်းထွက်ပေါ်လာပြီးနောက်တွင် SpaceX ကုမ္ပဏီက ယင်းသို့ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အစပျိုးလိုက်သည့် ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးလျော့တိလျော့ရဲဖြစ်နေသည့် နယ်စပ်ဒေသတွင် အွန်လိုင်းငွေလိမ်စင်တာများ ကြီးထွားလာကြောင်း AFP သတင်းတွင် ဖော်ပြသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပါ အွန်လိုင်းငွေလိမ်စင်တာမှုများကို နှိမ်နှင်းမှုစတင်ခဲ့ပြီးနောက်တွင် အဆိုပါ စင်တာများတွင် ခိုင်းစေခံရသည့် လုပ်သား ၇၀၀၀ ခန့်ကို ၎င်းတို့ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး ဖြစ်သည်။

အဆိုပါ အွန်လိုင်းငွေလိမ်စင်တာများတွင် အသုံးပြုနေသည့် အင်တာနက်ဝန်ဆောင်မှုကိုလည်း ထိုင်းနိုင်ငံက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။

ယင်းနောက် အဆိုပါ အွန်လိုင်းငွေလိမ်စင်တာများ၏ ခေါင်မိုးများပေါ်တွင် Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု ကိရိယာများ အမြောက်အများ တပ်ဆင်ထားသည်ကို တွေ့ရကြောင်း AFP သတင်းဌာနက မကြာသေးမီက ဖော်ပြခဲ့သည်။

SpaceX ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Lauren Dreyer က ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ သံသယဖြစ်ဖွယ် အွန်လိုင်း ငွေလိမ်စင်တာများရှိ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကိရိယာ ၂၅၀၀ ကျော်ကို ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ကြောင်း X လူမှုကွန်ရက်ပေါ်တွင် ပြောကြားခဲ့သည်။

အဆိုပါ ကိရိယာများကို အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်လိုက်သည့်အချိန်ကိုမူ သူမ၏ ပြောဆိုချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် Starlink အသုံးမှုနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်ရှိ ဒီမိုကရက်နှင့် ရီပတ်ဘလင်ကန် နှစ်ပါတီပူးပေါင်းကော်မတီတစ်ရပ်ကလည်း စုံစမ်းစစ်ဆေးနေသည်။

Source: AFP