လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ထပ်ပွဲထပ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်း အောက်တိုဘာလ ၂၁ရက်တွင် ကရင်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာချိန် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနောက် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၂၂ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာပြီး ညနေပိုင်းတွင် ကမ်းပနီးကျေးရွာသို့ ရောက်ရှိချိန်တွင် တော်လှန်ရေးတပ်တို့က ထပ်မံတိုက်ခိုက်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်နေစဉ် ကမ်းပနီကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်တွင်ရှိသည့် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းအပြင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသည့် အောက်တိုဘာလ ၂၀ ရက်မှစ၍ ဖမ်းဆီးခံထားရသည့် သဘော့ဆိပ်ပြင်ကြီး၊ ကရင်ကြီး၊ ကျေးရွာများမှ ဒေသခံပြည်သူများ ၅၀ ဝန်းကျင်မှာလည်း ယနေ့ နံနက်ပိုင်းအထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယင်းကြောင့် ကျောက်ဆင်ကျေးရွာအုပ်စုဖြစ်သောကမ်းပနီးကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းအထိ စစ်ရေးတင်းမာနေသည့် အခြေအနေရှိနေသည်ဟုဆိုသည်။
အင်အား တစ်ရာဝန်းကျင်ရှိသည့် ယင်းစစ်အာဏာရှင်တပ်စစ်ကြောင်းသည် လောင်းလုံးမြို့နယ်၊ ကျောက်ဆင် ကျေးရွာအုပ်စုသို့ အောက်တိုဘာလ ၁၉ ရက်မှစ၍ စစ်သင်္ဘောဖြင့် ရောက်ရှိလာပြီး ဆက်လက်စစ်ကြောင်းထိုး နေသောကြောင့် ကျေးရွာ ခြောက်ရွာက ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။